အယ်လ်နီညိုအတွက် တောင်သူတွေ ကြိုတင်ပြင်ဆင်နိုင်မှု မရှိသေး

Author နိုက်တင်ဂေးလ်
Categories
Published on Oct 13, 2026

အယ်လ်နီညိုဖြစ်စဉ်ကြောင့် လာမယ့် ဆောင်းရာသီနဲ့ နွေရာသီမှာ အပူချိန်မြင့်တက်တာ၊ ရေရှားပါးတာတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးချက်တွေ ထုတ်ပြန်ထားပေမဲ့ ပဲခူးတိုင်းက တောင်သူတွေဟာ ကြိုတင်ပြင်ဆင်ထားတာ မရှိသေးဘူးလို့ တောင်သူတွေဆီက သိရပါတယ်။

 

၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ အားကောင်းတဲ့ အယ်လ်နီညိုအခြေအနေ ဖြစ်လာနိုင်တာကြောင့် စိုက်ပျိုးရေပြတ်လပ်တာနဲ့ ရေမလုံလောက်တာတွေ ကြုံတွေ့လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။

 

“အယ်လ်နီညိုရာသီအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတာတော့ မရှိပါဘူး။ ကျွန်တော်တို့ရွာက လူတွေကတော့ အရင်အတိုင်းပဲ ပျိုးကြဲ၊ ရိတ်သိမ်း၊ နေလှန်း ထုံးစံအတိုင်းပဲ ဆက်လုပ်သွားတာပါပဲ။ မိုးလေဝသသတင်းတော့ နေ့စဉ်နားထောင်ဖြစ်ပါတယ်” လို့ ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ စိုက်ပျိုးရေးလုပ်ငန်းကို ၁၀ နှစ်ကြာ လုပ်ကိုင်နေတဲ့ တောင်သူတစ်ဦးက ပြောပါတယ်။

 

ပြင်းထန်တဲ့ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ၂၀၂၆ ခုနှစ် အောက်တိုဘာကနေ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီအတွင်း ဒေသအသီးသီးမှာ ပုံမှန်ထက် အပူချိန်မြင့်တက်တာ၊ မိုးရွာသွန်းမှု လျော့နည်းတာ၊ ရေရှားပါးတာနဲ့ မီးဘေးအန္တရာယ်တွေ ဖြစ်လာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အောက်တိုဘာ ၇ ရက်မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အိမ်ထောင်စုတွေအနေနဲ့လည်း ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းထားပါတယ်။

 

အယ်လ်နီညိုအခြေအနေကို ရင်ဆိုင်နိုင်ဖို့ သောက်သုံးရေနဲ့ စိုက်ပျိုးရေကို ချွေတာထိန်းသိမ်းသုံးစွဲဖို့၊ မိုးနှောင်းရာသီသီးနှံတွေကို မျှော်မှန်းထားတဲ့အတိုင်း စိုက်ပျိုးဖို့ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းနဲ့ ပြည်က ဝန်ကြီးချုပ်တွေကို အောက်တိုဘာ ၅ ရက်မှာ ပြောကြားထားပါတယ်။

 

အယ်လ်နီညို (El Niño) ဆိုတာ ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ပင်လယ်ရေမျက်နှာပြင် အပူချိန် ပုံမှန်ထက် မြင့်တက်လာတဲ့ ရာသီဥတုဖြစ်စဉ် ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် ကမ္ဘာ့ပျမ်းမျှအပူချိန် မြင့်တက်လာနိုင်သလို မိုးရွာသွန်းမှုပုံစံ မမှန်တာ၊ နေ့အပူချိန်မြင့်တက်တာ၊ မုန်တိုင်းဖြစ်ပေါ်မှု ပုံစံပြောင်းလဲတာနဲ့ မိုးခေါင်ရေရှားတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။