ရခိုင်မှာ အရပ်သားတွေ ပစ်မှတ်ထားခံနေရတာကြောင့် ရိုဟင်ဂျာတွေ ဘေးကင်းစွာ နေရပ်မပြန်နိုင်သေးဟု IIMM အကြီးအကဲပြော
ရခိုင်ပြည်မှာ ပဋိပက္ခတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာ နေရပ်မပြန်နိုင်သေးဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၆ ရက်ကြာ သွားရောက်ခဲ့တဲ့ ခရီးစဉ်အပြီး အောက်တိုဘာ ၁၂ ရက်မှာ ထုတ်ပြန်တဲ့ IIMM ရဲ့ ကြေညာချက်မှာ အခုလို ပြောကြားခဲ့တာပါ။
ခရီးစဉ်အတွင်း နီကိုလတ်စ်ခွန်ဂျန်ဟာ ဘင်္ဂလားဒေ့ရှ်အစိုးရ အဆင့်မြင့်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာတွေနဲ့ အခြားလူမှုအသိုင်းအဝိုင်းက လူဦးရေ ၂၀၀ ကျော်ကိုလည်း တွေ့ဆုံပြီး မကြာသေးခင်က ထွက်ပြေးလာသူတွေရဲ့ ထွက်ဆိုချက်တွေ ရယူခဲ့ပါတယ်။
“အရပ်သားတွေကို အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှုရရှိဖို့ဟာ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံပြီး ရေရှည်တည်တံ့စွာ နေရပ်ပြန်နိုင်ဖို့ အရေးကြီးပါတယ်” လို့ နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။
၂၀၂၄ ခုနှစ် အစောပိုင်းကစပြီး ရခိုင်ပြည်အတွင်း ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာ ၁၅၄,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားကို ထွက်ပြေးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း ၁ဒသမ၂ သန်းကျော် ရှိလာပြီလို့လည်း သိရပါတယ်။
IIMM ဟာ ရခိုင်ပြည်အတွင်း မတူညီတဲ့ အုပ်စုတွေက ကျူးလွန်နိုင်တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ကျူးလွန်ခဲ့တဲ့ အပြင်းထန်ဆုံး နိုင်ငံတကာရာဇဝတ်မှုတွေအတွက် အထောက်အထားတွေ စုဆောင်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက IIMM ကို ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – AA
ပုံစာ – ရခိုင်ပြည်အတွင်း စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်နေမှု မြင်ကွင်း (ပုံဟောင်း)
