ကျောက်တော် အိန္ဒိယဈေး ဗုံးကြဲခံရပြီးနောက် ဈေးဆိုင်တွေ ပိတ်ထားရ၊ ကုန်သွယ်ရေး ထိခိုက်လာ
ရခိုင်ပြည်၊ ကျောက်တော်မြို့က အိန္ဒိယဈေးကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြို့ခံတွေနဲ့ ဈေးသည်အများအပြား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြတာကြောင့် ဈေးဆိုင်အများအပြား ပိတ်ထားရပြီး ကုန်သွယ်ရောင်းဝယ်ရေးလည်း ထိခိုက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တော်ဒေသခံ ဦးမောင်ဘညွန့်က ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပြီး နောက်တစ်နေ့မှာပဲ မြို့ခံအများအပြား နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ ပြောပါတယ်။ အိန္ဒိယဈေးနဲ့ မြို့မဈေးကြီးက ဆိုင်အများအပြားဟာလည်း လက်ရှိအချိန်အထိ ပြန်မဖွင့်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။
“ဗုံးကြဲပြီး နောက်နေ့ဆို အကုန်နယ်ကို ရှောင်ကြတယ်။ အိန္ဒိယဈေးမှာရော၊ ဈေးကြီးမှာရော ဆိုင်တော်တော်များများ အခုထိ မဖွင့်ကြတော့ဘူး။ နောက်နေ့တွေလည်း လေယာဉ်နဲ့ ထပ်လာကြဲတယ်။ နေ့တိုင်းလိုလို လေယာဉ်တအားဝဲတော့ ဘယ်သူမှ ဆက်မနေရဲကြတော့ဘူးလေ။ ဆိုင်တွေ၊ မြို့ခံတွေ မနေရဲကြသလို နယ်ကလူတွေလည်း မလာရဲကြဘူး” လို့ ဦးမောင်ဘညွန့်က ပြောပါတယ်။
ကျောက်တော်မြို့ဟာ ရခိုင်ပြည်အတွင်း တခြားမြို့နယ်တွေကို ကုန်ပစ္စည်းဖြန့်ဖြူးရောင်းချရာမှာ အရေးပါတဲ့ ကုန်သွယ်ရေးအချက်အချာတစ်ခုဖြစ်ပါတယ်။ အခုလို ဈေးရောင်းဝယ်ရေးလုပ်ငန်းတွေ ရပ်တန့်လာတာကြောင့် တခြားမြို့နယ်တွေမှာ ကုန်ဈေးနှုန်းမြင့်တက်လာသလို နေထိုင်စရိတ်တွေလည်း ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အကျိုးဆက်အနေနဲ့တော့ နယ်တွေမှာ ကုန်ဈေးတွေတက်တာရှိတယ်။ ပြီးရင် တခြားမြို့နယ်တွေကို ရွှေ့ပြောင်းတာများလို့ မြောက်ဦးတို့မှာဆိုရင် အိမ်ငှားခတွေ ဈေးကြီးလာတယ်” လို့ ဦးမောင်ဘညွန့်က ဆက်ပြောပါတယ်။
အိန္ဒိယဈေးမှာ အထည်ရောင်းချခဲ့တဲ့ မခင်ခင်ဆွေကလည်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် ကျောက်တော်မြို့မှာ ဆက်မနေရဲတော့ဘဲ နယ်ဘက်ကို ပြောင်းရွှေ့ခဲ့ရတယ်လို့ ပြောပါတယ်။
“နှစ်ကြိမ်ကြုံပြီးပြီ။ ပထမတစ်ခါတော့ ကြောက်ကြောက်နဲ့ ဆက်ရောင်းတယ်။ ဘာလို့ဆို တစ်နေရာနဲ့တစ်နေရာ ပြောင်းဖို့၊ ရွှေ့ဖို့ မလွယ်ဘူး။ ကုန်ကျစရိတ်လည်းများလို့။ အခုကတော့ တအားလန့်သွားတာ။ အသက်နဲ့ရင်းပြီး ဆက်မရောင်းရဲတော့လို့ နယ်ကိုပဲ အပြီးပြောင်းလိုက်တာပါ” လို့ မခင်ခင်ဆွေက ပြောပါတယ်။
ရခိုင်ပြည်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာကစပြီး ပြည်မနဲ့ ဆက်သွယ်ထားတဲ့ လမ်းတွေ၊ မြို့နယ်အချင်းချင်း ဆက်သွယ်ထားတဲ့ ကုန်းလမ်းနဲ့ ရေလမ်းတွေကို စစ်အုပ်စုက သွားလာခွင့်ပိတ်ပင်ထားခဲ့တယ်လို့ သိရပါတယ်။
အဲဒီအခြေအနေတွေကြောင့် ကုန်ဈေးနှုန်းတွေဟာ ပုံမှန်ထက် သုံးဆခန့် မြင့်တက်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ဈေးရောင်းဝယ်ရေးလုပ်ငန်းတွေအပေါ် စိုးရိမ်မှုတွေလည်း ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တော်မြို့၊ အိန္ဒိယဈေးကို စက်တင်ဘာ ၂၈ ရက်မှာ စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅၀ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုနောက်ဆက်တွဲအနေနဲ့ ဈေးမှာ ကုန်တင်ကုန်ချလုပ်ငန်းတွေလုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေလည်း အလုပ်လက်မဲ့ဖြစ်သွားပြီး စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့ (NLTA) ရဲ့ ၂၀၂၆ ခုနှစ် အောက်တိုဘာအစီရင်ခံစာမှာတော့ ရခိုင်ပြည်ဟာ မြန်မာနိုင်ငံတစ်ဝန်း စစ်ရေးလှုပ်ရှားမှုအများဆုံးဖြစ်ပွားခဲ့တဲ့ ဒေသဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှု ဒုတိယအများဆုံးဒေသအဖြစ် ဖော်ပြထားပါတယ်။
ဓာတ်ပုံ – ပေးပို့
