မြန်မာ့မီးရထားရဲ့ Online Booking စနစ် အမှားအယွင်းကြောင့် ထိုင်ခုံတစ်ခုတည်း လူများစွာကို ရောင်းချ၊ ခရီးသည်တွေ မတ်တပ်ရပ်စီးရ
မြန်မာ့မီးရထားက ရန်ကုန် – မန္တလေး – နေပြည်တော် ခရီးစဉ်တွေအတွက် Online ကနေ လက်မှတ် ဝယ်ယူနိုင်တဲ့ စနစ်ကို စတင်မိတ်ဆက်လိုက်ပေမယ့် ထိုင်ခုံနေရာတစ်ခုတည်း လူများစွာကို ရောင်းချမှုတွေကြောင့် ထိုင်ခုံနေရာ ဝယ်ယူပြီး ခုံမရဘဲ မတ်တပ်ရပ်စီးနေကြရတယ်လို့ မြန်မာ့မီးရထားအသုံးပြုပြီး ခရီးသွားလာနေသူတွေဆီက သိရပါတယ်။
eTicket ဝယ်ယူရာမှာ ထိုင်ခုံနေရာတစ်ခုကို ဝယ်ယူသူတစ်ဦးထက်ပိုမိုပြီး ရောင်းချနေတာကြောင့် အရေးပေါ် တွဲဆိုင်းတိုးပေးရတာ၊ အထူးတန်းဝယ်ယူထားသူတွေအနေနဲ့ ရိုးရိုးတန်းမှာ သွားရောက် ပြောင်းလဲပြီး စီးနင်းရတာ၊ မတ်တပ်ရပ်ပြီး စီးနင်းရတာတွေ ဖြစ်ပေါ်နေတာပါ။
“ဒီမနက်ပဲ ထိုင်ခုံတွေ လူထပ်နေပြီး တွဲပါ မလောက်တော့ဘူး ဖြစ်နေတာ။ အဲဒါကို တွဲတစ်တွဲ ထပ်ချိတ်ပြီး လိုက်ခိုင်းတယ်။ အဆင်မပြေဘူး။ နည်းပညာအဆင့်မြှင့်တယ်ဆိုပြီးတော့ အကုန်တလွဲတွေချည်းပဲ။ အထူးတန်းခုံလေးနဲ့ အေးဆေး ခရီးသွားရဖို့ ကြိုဖြတ်တာလေ” လို့ မြန်မာမီးရထားအသုံးပြုသူ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
မြန်မာ့မီးရထားက eTicket တွေကို ရောင်းချရတာမှာ ခရီးစဉ် အစအဆုံး ခုံနေရာအတွက် ရောင်းချပြီးတဲ့အပြင် ကြားဘူတာတွေအတွက်ပါ ခုံနေရာတစ်ခုတည်းကို ထပ်တိုးရောင်းချတာကြောင့် ခုံနေရာမရတာတွေ ပိုမိုဖြစ်နေတာလို့ သိရပါတယ်။
“ခရီးစဉ် အစကတည်းက ခုံနေရာက ၃ ယောက်ထပ်နေတာ။ ကျွန်တော်က အစောဆုံးရောက်နေပြီး အမေလည်း ပါတော့ နေရာပေးလို့မရဘူး။ အဲဒါကို ဝန်ထမ်းတွေက မဖြေရှင်းပေးဘူး၊ တွဲထပ်တိုးပြီး နောက်တွဲစီးခိုင်းတယ်။ ကြားဘူတာ ၃ ခုမှာလည်း ကျွန်တော့်ခုံနေရာနဲ့ပဲ ၅ ယောက်တောင် ထပ်တက်လာလို့ ပြဿနာဖြစ်ရတယ်။ ရှက်ဖို့ကောင်းတယ်” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ရန်ကုန်မြို့ခံက ပြောပါတယ်။
စစ်အုပ်စုဟာ မြန်မာ့မီးရထားကို အဆင့်မြှင့်မယ်လို့ဆိုကာ ရထားတွဲသစ်တွေ ဝယ်ယူထားပါတယ်။ ဒါ့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်အာဏာသိမ်းပြီးချိန်မှာ လျှပ်စစ်ရထားတွေ အစားထိုးပြေးဆွဲမယ်လို့ ကြွေးကြော်ထားဖူးသူ ဖြစ်ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
