စစ်အုပ်စုက ဗန်းမောက်မြို့ကို ပြန်သိမ်းပြီးချိန်မှာ ဒေသခံတွေက NUG ကို ထောက်ခံကြောင်းနဲ့ တိကျတဲ့ ရွှေတူးဖော်မှု မူဝါဒ ချမှတ်ပေးဖို့ ဆန္ဒထုတ်ဖော်
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တောင်ပိုင်းမှာ ဒေသခံပြည်သူတွေနဲ့ စစ်ဘေးသင့်ပြည်သူတွေ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေတာကြောင့် တိကျတဲ့ ရွှေတူးဖော်မှု မူဝါဒ ချမှတ်ပေးဖို့အတွက် ဒီနေ့ (ဖေဖော်ဝါရီ ၉ ရက်)၊ မနက်ပိုင်းမှာ လူထုဆန္ဒထုတ်ဖော်ပွဲတစ်ရပ် ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါဟာ စစ်အုပ်စုနဲ့ ရှမ်းနီအမျိုးသားတပ်တော် (SNA) တို့ ပူးပေါင်းပြီး ဗန်းမောက်မြို့ကို ပြန်သိမ်းပြီးချိန်မှာ ဒေသခံတွေ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီး ဆန္ဒထုတ်ဖော်တဲ့ ဒေသအနီးတဝိုက်မှာတော့ စစ်အုပ်စုက စိုးမိုးနိုင်ခြင်း မရှိသေးပါဘူး။

ဆန္ဒထုတ်ဖော်ရာမှာ ပြည်သူတွေက “ဒေသခံနဲ့ စစ်ဘေးသင့်ပြည်သူတွေအတွက် တိကျတဲ့ ရွှေတူးဖော်မှု မူဝါဒ ချမှတ်ပေးဖို့၊ လက်လုပ်လက်စား ပြည်သူတွေ ရွှေတူးဖော်ခွင့် ရရှိရေး၊ ပိတ်ပင်ထားတဲ့ လုပ်ကွက်တွေ ပြန်လည်ဖွင့်ပေးရေး” တွေကို တောင်းဆိုခဲ့ကြပြီး ဆန္ဒပြပွဲမှာ တက်ရောက်လာသူတွေက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပြည်သူ့အစိုးရအဖြစ် ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

“ဒီဘက်မှာ တစ်နိုင်တစ်ပိုင် လုပ်ငန်းကိုပဲ အဓိကအားထားနေကြရတယ်။ ကူးဆိပ်တို့၊ ဗန်းမောက်မြို့တို့မှာ တစ်နိုင်တစ်ပိုင်လုပ်ငန်းကို အခွန်ပေးပြီး လုပ်နေတာ။ ဒါကို သယံဇာတအဖွဲ့က အခွန်ပေးရဲ့သားနဲ့ ပိတ်ခိုင်းတာ၊ လုပ်ခွင့်မပေးဘူး။ သယံဇာတအဖွဲ့က ကျင်းပေါက်တွေကို ပျဉ်တွေနဲ့ လာရိုက်ပိတ်သွားတာ ရှိတယ်” လို့ ဆန္ဒပြကြရခြင်းရဲ့ အကြောင်းအရာတချို့ကို ဒေသခံတစ်ဦးက CJ Platform ကို ပြောပြပါတယ်။

တစ်နိုင်တစ်ပိုင် ရွှေတူးဖော်လုပ်ကိုင်နေသူတွေအပေါ် တင်းကျပ်မှုတွေ ရှိနေတာကြောင့် အခုလို ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီဆန္ဒပြပွဲကိုတော့ ဗန်းမောက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က လုံခြုံရေး ယူပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ – ပေးပို့
