တာဝန်ရပ်နားခံရတဲ့ ပအဖ တာဝန်ခံက လုပ်ငန်းတာဝန်တွေ လွှဲပြောင်းမပေးလို့ သတိပေးစာတွေ ထုတ်နေရ

Author CJ Platform
Categories
Published on Feb 07, 2026

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ဒေါက်တာဆန်းမြင့်အောင်ကို စီမံမှုအားနည်းချက်တွေကြောင့် တာဝန်ကနေ ယာယီရပ်နားထားပြီးနောက် လုပ်ငန်းတာဝန်တွေကို အမြန်ဆုံးလွှဲပြောင်းပေးဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ နောက်ဆုံးအကြိမ် သတိပေးခံခဲ့ရတယ်လို့ မြို့နယ်ပအဖနဲ့ နီးစပ်သူတွေက ပြောပါတယ်။

 

ဒေါက်တာ ဆန်းမြင့်အောင်အနေနဲ့ ယာယီရပ်နားခြင်းခံရပြီးနောက် လုပ်ငန်းတာဝန်တွေ လွှဲပြောင်းရာမှာ ကြန့်ကြာနေကြောင်း စစ်ဆေးတွေ့ရှိတာကြောင့် မြို့နယ်အတွင်း အုပ်ချုပ်ရေးလုပ်ငန်းတွေ တုံ့ဆိုင်းမှု မရှိစေဖို့၊ လုပ်ငန်းယန္တရားတွေကို ဆက်လက်လည်ပတ်နိုင်စေဖို့အတွက် လုပ်ငန်းတာဝန်တွေကို ရွှေဘိုခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ အမြန်ဆုံး လွှဲပြောင်းပေးအပ်ဖို့ အခုလို နောက်ဆုံးအကြိမ်အဖြစ် သတိပေးခံရတာလို့ သိရပါတယ်။

 

“လွှဲပြောင်းဖို့ ညွှန်ကြားထားတာကို မလွှဲချင်နေတာ။ ဒါကြောင့် အခုလို ထပ်ပြီး သတိပေးခံရတာ။ ဒီတစ်ခါ နောက်ဆုံးသတိပေးချက်ဆိုတော့ လိုက်နာခြင်းမရှိရင်တော့ ဝန်ကြီးဌာနကနေ တည်ဆဲစည်းမျဉ်းစည်းကမ်းတွေအရ အရေးယူဆောင်ရွက်ခံရနိုင်တယ်” လို့ ဝက်လက်မြို့နယ်ပအဖနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဝက်လက်မြို့နယ်ပအဖ တာဝန်ခံ ဒေါက်တာဆန်းမြင့်အောင်ကို တာဝန်ကနေ ယာယီရပ်နားခြင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်မှာ ကျင်းပခဲ့တဲ့ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

 

ယာယီရပ်နားခံရခြင်း အကြောင်းရင်းဟာ ဝက်လက်မြို့နယ် အုပ်ချုပ်ရေးတာဝန်ခံအနေနဲ့ မြို့နယ်တွင်း စီမံခန့်ခွဲမှုအားနည်းချက်တွေ၊ တိုင်ကြားခံရမှု အများအပြား ရှိနေတာတွေအပြင် ငွေကြေးဆိုင်ရာ အလွဲအမှားတွေ ရှိနေတာကြောင့် အခုလို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ကနဦး သတင်းအချက်အလက်တွေအရ သိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့

ပုံစာ – တာဝန်မှ ယာယီရပ်နားခံရသည့် ဝက်လက် ပအဖ တာဝန်ခံကို မြင်ရပုံ