ဘောလုံးဂျာစီဝတ်ပြီး ရွေးကောက်ပွဲမဲပေးရင် ထောင်ဒဏ် ၆ လ ချမှတ်ခံရမယ်လို့ ထိုင်းရွေးကောက်ပွဲကော်မရှင် ပြော
ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ ဘောလုံးဂျာစီ ဒါမှမဟုတ် နံပါတ်ပါတဲ့ အင်္ကျီဝတ်ဆင်ပြီး မဲလာပေးရင် ရွေးကောက်ပွဲဥပဒေအရ ထောင်ဒဏ်ချမှတ်ခံရမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားကြောင်း ထိုင်းသတင်းဌာန ThaiPBS မှာ ဖော်ပြထားပါတယ်။
ထိုင်းရွေးကောက်ပွဲကို လာမယ့် ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး မဲဆန္ဒရှင်တွေအနေနဲ့ မဲလာပေးချိန် နံပါတ်တွေပါတဲ့ ဘောလုံးဂျာစီအင်္ကျီကို ဝတ်ဆင်လာရင် ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ရာရောက်ပြီး ထောင်ဒဏ် ၆ လဖြစ်စေ၊ ဒဏ်ငွေ ဘတ် ၁၀,၀၀၀ ဖြစ်စေ၊ ဒါမှမဟုတ် ထောင်ဒဏ်ငွေဒဏ် နှစ်မျိုးစလုံးဖြစ်စေ ကျခံရမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ နိုင်ငံတစ်ဝန်း နံပါတ်စာလုံးကြီးနဲ့ ဖော်ပြထားတဲ့ အင်္ကျီတွေကို မဝတ်ဆင်ဖို့ ပြောကြားထားပြီး အထူးသဖြင့် မဲရုံဝန်းကျင်မှာ နံပါတ်ပါအင်္ကျီတွေနဲ့ ဘောလုံးဂျာစီတွေကို ဝတ်ဆင်ရင် သွယ်ဝိုက်မဲဆွယ်စည်းရုံးမှုကို ဖြစ်ပေါ်စေနိုင်တာကြောင့် အခုလို တားမြစ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၉ အရ ရွေးကောက်ပွဲကျင်းပတဲ့နေ့မတိုင်မီ တစ်ရက်အလို ညနေ ၆ နာရီကနေ ရွေးကောက်ပွဲကျင်းပတဲ့နေ့ ပြီးဆုံးချိန်အထိ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးတာမျိုး မလုပ်ဆောင်ရဘူးလို့ ဖော်ပြထားပါတယ်။

ဥပဒေ ပုဒ်မ ၇၉ ကို ချိုးဖောက်ရင် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၅၆ နဲ့ အရေးယူခံရမှာဖြစ်ပြီး ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ်ကျခံရမှာလည်း ဖြစ်တယ်လို့ ထိုင်းရွေးကောက်ပွဲဥပဒေမှာ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ ပြည်သူတွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒါမှမဟုတ် ပါတီကိုယ်စားပြု နံပါတ်၊ နိုင်ငံရေးပါတီတွေရဲ့ အမှတ်တံဆိပ်၊ လိုဂို၊ ကြွေးကြော်သံပါ စာသားနဲ့ ပါတီတွေနဲ့ ဆက်စပ်ပတ်သက်တဲ့ အရောင်တွေကို ရှောင်ရှားဝတ်ဆင်ဖို့ကိုလည်း ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းပြောဆိုထားပါတယ်။
အရင်ရွေးကောက်ပွဲကာလတွေတုန်းကလည်း နံပါတ်ပါတဲ့ အင်္ကျီဝတ်ဆင်ပြီး မဲလာပေးတဲ့သူတွေကို မဲရုံတာဝန်ရှိသူတွေ အဝတ်အစားလဲခိုင်းတာမျိုးတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာရွေ့ပြောင်းလုပ်သားတွေအနေနဲ့လည်း ထိုင်းရွေးကောက်ပွဲနေ့မှာ မန်ယူဖန်မို့၊ အာဆင်နယ်ဖန်မို့ဆိုပြီး ဘောလုံး အသင်း အင်္ကျီတွေ ဝတ်ဆင်ပြီး အလုပ်သွားတာတွေ မလုပ်ဖို့လည်း တိုက်တွန်းလိုပါတယ်။
ဓာတ်ပုံ – The Reporter ၊ ThaiPBS
