မိအယ်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲလို့ ကျောင်းသူ ၂ဦးအပါအဝင် အမျိုးသမီး ၅ဦး သေဆုံး

Author CJ Platform
Categories
Published on Feb 06, 2026

မကွေးတိုင်း၊ ကျောက်ထုတိုက်နယ် မိအယ်ကျေးရွာကို စစ်အုပ်စုက မနေ့ ဖေဖေါ်ဝါရီ ၅ရက် ညနေ ၅နာရီခန့်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်  ကျောင်းသူ ၂ ဦးအပါအဝင် အမျိုးသမီး ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မကွေးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ လေယာဉ်ကနေ ပေါင် ၅၀၀ ဗုံး ၂လုံးကို ကြဲချသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

” သေဆုံးသူတွေထဲမှာ ကျောင်းသူနှစ်ဦးရော ပါပါတယ်။ ပထမတန်းကျောင်းသူနဲ့ ၇ တန်း (သတ္တမတန်း) ကျောင်းသူတစ်ဦးပေါ့။ အိမ်တွေလည်း တော်တော်ပျက်စီးသွားတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ကျေးရွာအတွင်းရှိ နေအိမ်များလည်း ပျက်စီးခဲ့ပြီး နောက်ဆက်တွဲ အခြေအနေတွေကို ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်။

“လက်ရှိအချိန်ထိက သေဆုံးသူ ၅ ဦးပေါ့။ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်။ ရွာထဲ ဘာမှမရှိဘူး။ တိုက်ပွဲဖြစ်နေတာလည်း မဟုတ်ဘဲ သက်သက်လုပ်တာ” လို့ ဒေသခံပြည်သူ ဒေါ်မိုးဝေ (အမည်လွှဲ) က ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ အခြေအနေတွေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

 


ဓာတ်ပုံ – ပေးပို့