မင်းအောင်လှိုင် လူမြင်ကွင်း ပြန်ထွက်လာ

Author CJ Platform
Categories
Published on Feb 03, 2026

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကတည်းက လူမြင်ကွင်းကနေ ပျောက်ဆုံးနေပေမယ့် ဒီကနေ့မှာတော့ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူးနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာကို ရုရှားနိုင်ငံပိုင်မီဒီယာ Sputnik မှာ ဖော်ပြပါတယ်။

 

ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရွှိုင်ဂူဟာ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိလာခဲ့တာပါ။ သူဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့မှာ တွေ့ဆုံခဲ့တယ်လို့ ရုရှားမီဒီယာတွေက ဆိုပါတယ်။ တွေ့ဆုံချိန်မှာ ဆာဂေးရွှိုင်ဂူက “နိုင်ငံတကာစင်မြင့်ထက်မှာ ရုရှားရဲ့ ဘက်စုံထောက်ခံမှုကို မြန်မာနိုင်ငံအနေနဲ့ အပြည့်အဝ ယုံကြည်အားကိုးနိုင်ပါတယ်” လို့ မင်းအောင်လှိုင်ကို ပြောကြားခဲ့ပါတယ်။

 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေးခရီးစဉ် တောက်လျှောက်သွားခဲ့ပြီးနောက် ဇန်နဝါရီ ၂၇ ရက်နေ့ကတည်းက လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာဖြစ်ပြီး ဒီကနေ့မှ ရုရှားမီဒီယာတွေမှာ ဖော်ပြတာကို တွေ့ရတာပါ။ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာတော့ မင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့အကြောင်းကို ဖော်ပြခြင်း မရှိသေးပါဘူး။

 

ဒီခရီးစဉ်အတွင်းမှာ ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီးနဲ့ စစ်အုပ်စု ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့ဟာ ၄ နှစ်ကြာ စစ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ မီဒီယာတွေက ဖော်ပြကြပါတယ်။

 

ဓာတ်ပုံ – Maksim Blinov/Sputnik/AP