လှည်းကူးမှာ ခရီးသည်တင်ကားနဲ့ ဖယ်ရီကားတိုက်မိပြီး ၄ ဦး သေဆုံးကာ ၃၀ နီးပါး ဒဏ်ရာရ

Author CJ Platform
Categories
Published on Feb 03, 2026

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ မနက်ပိုင်းက ခရီးသည်တင်ကားနဲ့ အထည်ချုပ်စက်ရုံ ဖယ်ရီကားတို့ တိုက်မိပြီး ၄ ဦး သေဆုံးကာ ၂၈ ဦး ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

ပဲခူး – ရန်ကုန် အမှတ် (၂) လမ်းမကြီး၊ အင်းတိုင်ကျေးရွာ၊ စနရတပ်ရှေ့မှာ အထည်ချုပ်စက်ရုံတစ်ခုက ဖယ်ရီကားတစ်စီးဟာ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောကို ဝင်ရောက်သွားရာမှ သင်္ဃန်းကျွန်း – ပဲခူး ပြေးဆွဲတဲ့ ခရီးသည်တင် မီနီဘတ်စ်ကားကို တိုက်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး သေဆုံးခဲ့သလို ၂၈ ဦး ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာ သေဆုံးသူတွေနဲ့ ဒဏ်ရာရှိသူတွေကို မြောက်ဥက္ကလာပဆေးရုံကြီးနဲ့ လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ Hlegu Network Ambulance Group ဆီက သိရပါတယ်။

မြောက်ဥက္ကလာပဆေးရုံကို လွှဲပြောင်းထားတဲ့ လူနာတွေထဲမှာ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၄ ဦး ပါဝင်ပြီး စိုးရိမ်ရတဲ့ ဒဏ်ရာရရှိထားတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

 

ဒီယာဉ်တိုက်မှုကို Hlegu Network Ambulance Group အပါအဝင် လှည်းကူး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မှော်ဘီက ကြက်ခြေနီအသင်းတွေက သွားရောက် ကူညီခဲ့ကြတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ-ကရုဏာရှင်အသင်း-လှည်းကူးမြို့