လူမြင်ကွင်းက ပျောက်နေတဲ့ မင်းအောင်လှိုင် စစ်ဘက်ဆိုင်ရာ ကိစ္စရပ်တွေကို လက်မှတ်ရေးထိုး ထုတ်ပြန်နေလို့ ဆို
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကတည်းက လူမြင်ကွင်းကနေ ပျောက်နေပေမယ့် စစ်ဘက်ဆိုင်ရာ ကိစ္စရပ်တွေကို လက်မှတ်ရေးထိုး ထုတ်ပြန်နေတယ်လို့ စစ်ဘက်ရေးရာ လေ့လာသုံးသပ်သူတွေဆီက သိရပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေးခရီးစဉ် တောက်လျှောက်သွားခဲ့ပြီးနောက် ဇန်နဝါရီ ၂၇ ရက်နေ့ကတည်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာဖြစ်ပြီး မနေ့က ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်စုရဲ့ အဓိက မဟာမိတ်ဆက်ဆံရေးရှိတဲ့ ရုရှားနိုင်ငံ ထိပ်ပိုင်းတာဝန်ရှိသူတွေ နေပြည်တော်ကို လာရောက်ချိန်မှာလည်း တွေ့ဆုံခြင်း မရှိခဲ့ပါဘူး။
“လူမြင်ကွင်းမထွက်တာ အခြားကိစ္စတစ်စုံတစ်ရာ ရှိတယ်လို့တော့ ယူဆတယ်။ မင်းအောင်လှိုင်က လူမြင်ကွင်းသာမထွက်တာ၊ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်တရားရုံးတွေကနေ ဗိုလ်မှူးကြီးအဆင့်ရှိတဲ့သူတွေကို လက်မှတ်ထိုးပြီးတော့ အမိန့်ချလိုက်တာတွေရှိတယ်။ ဒီလိုမျိုး ဗိုလ်မှူးကြီးတွေအဆင့် စစ်ခုံရုံးတွေက ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် လက်မှတ်ထိုးပြီးမှ အမိန့်ချရတာတွေ ဖြစ်တယ်။ အဲဒါကို ကိုယ်စားတာဝန်ပေးလို့ မရဘူး” လို့ CDM ဗိုလ်ကြီးဇင်ယော်က CJ Platform ကို ပြောပါတယ်။
အခုလို လူမြင်ကွင်းမှာ ထွက်ပေါ်မလာတာဟာ အစိုးရသစ် အခင်းအကျင်းအတွက် ပြင်ဆင်နေတာဖြစ်နိုင်တယ်လို့လည်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက CJ Platform ကို ပြောပါတယ်။
“ရွေးကောက်ပွဲ မဲဆွယ်ခရီးစဉ်ကနေ နားနေတာရယ်၊ အစိုးရသစ် အခင်းအကျင်းအတွက် ပြင်နေတာရယ် ဖြစ်ပါမယ်။ နောက်တစ်ချက်က အဲဒီလိုသတင်းထွက်ရင် အသာလေးငြိမ်နေတတ်ပါတယ်။ တန်ပြန်ဝါဒဖြန့်နိုင်ဖို့ပါ” လို့ သူက သုံးသပ်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်က မန္တလေးတိုင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုနေတဲ့နေရာကို Brave Warriors For Myanmar အဖွဲ့က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် စစ်ဘက်ရေးရာ လေ့လာသုံးသပ်သူတွေကတော့ ဒါကို အတည်မပြုထားကြပါဘူး။
“သူက နေပြည်တော်ကို ရောက်နေပြီ။ တခြားတစ်ခုခု နေပါလိမ့်မယ်။ ရှော့တိုက်ဒုံးဆို မန္တလေးနန်းတွင်း ပတ်ချာလည် မြေလှန်နေပါပြီ” လို့ CDM လေတပ်ဗိုလ်ကြီးတစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ မနက်ပိုင်းမှာလည်း လပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် လင်းနိုင်စိုးနဲ့ တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် စိုးဝင်းထွန်းတို့ အရေးယူခံရမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဒီလိုအရေးယူမှု အခြေအနေတွေဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရှိနေမှသာ လုပ်ကိုင်ခွင့်ရှိတဲ့ ကိစ္စမျိုးဖြစ်တယ်လို့ ဗိုလ်ကြီးဇင်ယော်ကလည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်က မြန်မာနိုင်ငံကနေ တာဝန်ပြီးဆုံးလို့ ပြန်လည်ထွက်ခွာတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် Mr. Mongkol Visitstump ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့ပြီးနောက် လူမြင်ကွင်းကနေ ပျောက်ကွယ်နေမှုဟာ တစ်ပတ်တာ ကြာမြင့်လာနေပြီလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – Pro-SAC
