မဲဆောက်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံသား ၁၂၀ ကျော် ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲ တရားမဝင် ဝင်ရောက်လာသူတွေနဲ့ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်နေသူတွေအပါအဝင် မြန်မာနိုင်ငံသား ၁၂၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒါဟာ အခု ဇန်နဝါရီ ၁၀ ရက်ကနေ ၁၆ ရက်နေ့အထိ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ဖမ်းဆီးခံထားရသူတွေဖြစ်ပြီး အများစုဟာ နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်လာချိန် ထိုင်းနယ်စပ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်သလို တချို့ဟာ မဲဆောက်မြို့တွင်း ရောက်ရှိချိန် PTT ဓာတ်ဆီဆိုင်ဝင်းနေရာမှာ အုပ်စုလိုက်ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
တရားမဝင် ဝင်ရောက်နေထိုင်သူတွေနဲ့ ခွင့်ပြုချက်မဲ့ အလုပ်လုပ်ကိုင်နေသူတွေကို ရှာဖွေဖမ်းဆီးနိုင်ရေးအတွက် တာ့ခ်ခရိုင် ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေက စီမံချက်နဲ့ အကောင်အထည်ဖော်မှုတွေ အခု ဇန်နဝါရီလအတွင်းမှာ အရှိန်မြှင့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
စီမံချက်ချ ဖမ်းဆီးမှုတွေအတွင်း ထိုင်းတာဝန်ရှိသူတွေက စက်ရုံ၊ အလုပ်ရုံဝင်းတချို့ကိုပါ ဝင်ရောက်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေကို ဖမ်းဆီးမှုတွေလည်း ရှိခဲ့သလို တချို့ဟာ နေထိုင်ခွင့်ရှိပြီး ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေသူတွေလည်း ဖမ်းဆီးခဲ့ပါသေးတယ်။
ဒါ့အပြင် မြန်မာအများစုရှိရာ မဲဆောက်မြို့ ဈေးရုံတွေထဲကိုလည်း ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုတွေရှိခဲ့သလို မြန်မာနိုင်ငံသားတွေ အလုပ်လုပ်ကိုင်ခွင့်မရှိတဲ့ စားသောက်ဆိုင်၊ အလှပြင်ဆိုင်၊ ဈေးအရောင်းဆိုင်တွေကိုလည်း ဝင်ရောက်စစ်ဆေးကာ ဖမ်းဆီးမှုတွေလည်း ရှိခဲ့ပါတယ်။
ဖမ်းဆီးမှုတွေအတွင်း ထိုင်းနိုင်ငံတွင်း နေထိုင်ချိန် ဧည့်စာရင်းမတိုင်ကြားတာကြောင့် ဖမ်းဆီးအရေးယူမှုတွေရှိခဲ့သလို ကန့်သတ်ထားတဲ့ အလုပ်အကိုင်တွေမှာ ဝင်ရောက်လုပ်ကိုင်နေတာကြောင့် ဖမ်းဆီးခံရမှုတွေလည်း ရှိနေခဲ့ပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူပြီးမှ နေရပ်ပြန်ပို့သွားမှာဖြစ်တယ်လို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနကလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – Tak Immigration
