စစ်အုပ်စုမိတ်ဖက် SSPP နယ်မြေထဲ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး အခြား EAO အဖွဲ့တွေပါဝင်သယောင် စစ်အုပ်စု ဝါဒဖြန့်ပြောဆို

Author CJ Platform
Categories
Published on Jan 15, 2026

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပမာဏအများဆုံး သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရာ ဓာတုကုန်ကြမ်းအပါအဝင် ဆက်စပ်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး စစ်အုပ်စုက မန္တလေးတိုင်း ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်မှာ မနေ့က ဇန်နဝါရီ ၁၄ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ဇန်နဝါရီ ၁၅ ရက် စစ်အုပ်စု ထိန်းချုပ်ထားတဲ့ သတင်းစာတွေကနေတဆင့် ထုတ်ပြန်လာပါတယ်။

 

ရှမ်းပြည်မြောက်ပိုင်း သီပေါနဲ့ မိုင်းရယ်မြို့နယ်ကြား မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာကနေ သိမ်းဆည်းရမိခဲ့တဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ ဓာတုကုန်ကြမ်းတွေဟာ ၂၀၂၁ နောက်ပိုင်း ပမာဏအများဆုံး သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး အဲဒီကနေ အိုက်စ် ၂၇ တန်နဲ့ စိတ်ကြွဆေးပြား သန်း ၈၁၀ ခန့်အထိ ထုတ်လုပ်နိုင်တာကြောင့် ပမာဏအများဆုံး သိမ်းဆည်းရမိခဲ့တာလို့ စစ်အုပ်စုပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

 

ဒါဟာ စစ်အုပ်စုနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး ရှမ်းမြောက်စစ်ဆင်ရေးတွေ ပူးပေါင်းပါဝင်နေတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ထိန်းချုပ်နယ်မြေထဲမှာ မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး အဲဒီစခန်းနေရာတွေကို စစ်အုပ်စုက ဝင်ရောက်စီးနင်းချိန် SSPP/SSA တပ်ဖွဲ့ဝင် ခြောက်ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

 

အခု သိမ်းဆည်းရမိမှုဟာ ၂၀၂၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာ သိမ်းဆည်းရရှိခဲ့တဲ့ အိုက်စ်ပမာဏရဲ့ ၃၃ ရာခိုင်နှုန်းကျော်ရှိပြီး ဒီလိုထုတ်လုပ်မှု သယ်ယူပို့ဆောင်မှုတွေကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက လုပ်ဆောင်နေတာဖြစ်တယ်လို့ စစ်အုပ်စုက သတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။

 

စစ်အုပ်စု ပြောဆိုခဲ့တဲ့ EAOs အဖွဲ့တွေဟာ သူတို့နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ အာရက္ခတပ်တော် (AA) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့က လုပ်ဆောင်နေတာဖြစ်တယ်လို့ စွပ်စွဲပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်အုပ်စုက သူတို့လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့နယ်မြေတွေနဲ့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကြောင့် ရှေ့မတိုး နောက်မဆုတ်သာဖြစ်နေတဲ့ အခြေအနေတွေကို အခွင့်ကောင်းယူပြီး EAOs တပ်ဖွဲ့တွေက မူးယစ်ဆေးဝါး ချက်လုပ်တာ၊ အွန်လိုင်းလိမ်လည်မှုတွေ ကျူးလွန်တာတွေ လုပ်ဆောင်နေတယ်လို့ ပြစ်တင် ပြောဆိုထားပါသေးတယ်။

 

ဒါပေမယ့် နိုင်ငံတွင်း အိုက်စ်၊ မက်သာဖက်တမင်း၊ ဘိန်းဖြူ စတဲ့မူးယစ်ဆေးဝါးတွေကို တန်နဲ့ချီ ဖမ်းဆီးရမိချိန်တိုင်း စစ်အုပ်စုကို တွန်းလှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်အုပ်စုက စွပ်စွဲပြောဆိုမှုတွေ အများဆုံးလုပ်ဆောင်လေ့ရှိပြီး သူတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ EAOs အဖွဲ့တွေကိုတော့ စွပ်စွဲပြစ်တင်ပြောဆိုမှု နည်းပါးပါတယ်။

 

ဓာတ်ပုံ – Pro-SAC