လူသတ်မုဒိမ်းမှုကျူးလွန်ထားတဲ့ မြန်မာတစ်ဦးကို နေရပ်ပြန်ပို့မှုကြောင့် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးအရာရှိတွေကို စစ်ဆေးမယ်လို့ ဆို

Author CJ Platform
Categories
Published on Jan 03, 2026

ထိုင်းအမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်လူသတ်မှု ကျူးလွန်ခဲ့တဲ့ မြန်မာတစ်ဦးကို ဖမ်းဆီးထားပြီးနောက် နေရပ်ပြန်ပို့ခဲ့တဲ့အပေါ် တာဝန်ရှိသူတွေကို ဒေသအမှတ် ၅ လူဝင်မှုကြီးကြပ်ရေးဌာနက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ထိုင်းသတင်းဌာန Matichon မှာ ဖော်ပြထားပါတယ်။

 

တာ့ခ်ခရိုင် မဲဆောက်မြို့ လယ်ယာစိုက်ပျိုးရေးခြံတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၅၀ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦးက ထိုင်းအမျိုးသမီးကို မုဒိမ်းကျင့်လူသတ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီးနောက် မဲဆောက်လူဝင်မှုကြီးကြပ်ရေးအချုပ်မှာ ဖမ်းဆီးထိန်းသိမ်းထားချိန် မှားယွင်းနေရပ်ပြန်ပို့မှု ဖြစ်ပွားခဲ့တာပါ။

 

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၁ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျူးလွန်ထားသူလို့ သံသယရှိသူကို နိုဝင်ဘာ ၁၃ ရက်မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့သလို တရားရုံးတင် စစ်ဆေးအရေးယူနိုင်ဖို့အတွက် စွပ်စွဲခံရသူနဲ့ နစ်နာသူတို့ရဲ့ DNA (ဇီဝအချက်အလက်) ကိုက်ညီမှု ရှိ မရှိ စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။

 

ဒီဇင်ဘာ ၁၈ ရက်က ကျူးလွန်သူနဲ့ နစ်နာသူတို့ရဲ့ DNA စစ်ဆေးချက်ရလဒ်ထွက်ပေါ်လာပြီး DNA ကိုက်ညီမှုရှိနေတာကြောင့် မဲဆောက်လူဝင်မှုကြီးကြပ်ရေးဌာန အချုပ်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ တရားခံကို ရုံးတင်တရားစွဲဆိုဖို့ ဖဝေါရဲစခန်း တာဝန်ရှိသူတွေက သွားရောက်ခေါ်ဆောင်ချိန်မှာ မဲဆောက် လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေဟာ သူတို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ လူသတ်မုဒိမ်းမှု ကျူးလွန်သူကို အခြားဖမ်းဆီးခံထားရသူ ၅၀ နဲ့အတူ မှားယွင်းနေရပ်ပြန်ပို့ခဲ့တာကြောင့် တရားခံက ထိုင်းနိုင်ငံတွင်းကနေ လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

 

ဒီဖြစ်စဉ်အပေါ်  မဲဆောက်လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေရဲ့ တာဝန်ပေါ့လျော့မှု၊ ရာဇဝတ်မှုဆိုင်ရာကိစ္စရပ်တွေ ဆောင်ရွက်မှုတွေအပေါ် စည်းကမ်းမလိုက်နာမှုတို့နဲ့ အမှတ် ၅ တိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

 

လူသတ်မုဒိမ်းမှု ကျူးလွန်ခဲ့သူ တရားခံလွတ်မြောက်သွားခဲ့မှုနဲ့ပတ်သက်ပြီး နစ်နာသူအမျိုးသမီးရဲ့ သမီးဖြစ်သူကလည်း လူမှုကွန်ရက်ကတစ်ဆင့် ထိုင်းတာဝန်ရှိသူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို အကူအညီတောင်းခံခဲ့သလို ထိုင်းအာဏာပိုင်တွေကလည်း မြန်မာနိုင်ငံဘက် လွတ်မြောက်သွားတဲ့ တရားခံကို ပြန်လည်ဖမ်းဆီးနိုင်ဖို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – Tak Immigration Office