ထီးဆဲ့မဲ့ရွာအခြေစိုက် KTLA တပ်ရင်းက KNLA တပ်ရင်း ၁၁ နဲ့ ပြန်လည်ပူးပေါင်း
တနင်္သာရီတိုင်း တနင်္သာရီမြို့ ထီးဆဲ့မဲ့ရွာမှာအခြေစိုက်တဲ့ ကော်သူလေးတပ်မတော် (KTLA) တပ်ရင်း ၁ က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ နယ်မြေထဲက တပ်ရင်းတွေနဲ့ ပြန်လည်ပူးပေါင်းခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားထံက သိရပါတယ်။
ထီးဆဲ့မဲ့ရွာမှာအခြေစိုက်တဲ့ KTLA လက်အောက်ခံ တပ်ရင်း ၁ (ထီးဆဲ့မဲ့စစ်ကြောင်း) ဟာ KNU တပ်မဟာ ၄ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၁ နဲ့ ပြန်လည်ပူးပေါင်းဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ခေါင်းဆောင်ချင်း သဘောတူညီမှုရရှိထားခဲ့တာဖြစ်ပြီး အခု ဒီဇင်ဘာ ၃၁ ရက်မှာ တရားဝင်ထုတ်ပြန်လာခဲ့တာလည်း ဖြစ်ပါတယ်။
“အခုတော့ သူတို့က ၂၀၂၅ အောက်တိုဘာလောက်မှာ ကျွန်တော်တို့ တပ်မဟာ ၄ ခေါင်းဆောင်နဲ့ သဘောတူထားတယ်။ သူတို့ KNLA တပ်မဟာ ၄ အောက်မှာ ပူးပေါင်းဖို့ကို။ ကျန်ခဲ့တဲ့ နိုဝင်ဘာလမှာတော့ သူတို့က တရားဝင်ဘက်တံဆိပ်တွေ၊ KNLA ဘက်တံဆိပ်ကို ပြန်ပြောင်းလာတယ်။ အခု တရားဝင်ထုတ်ပြန်တာပေါ့။ ဒီနေ့ ဒီဇင်ဘာလ ၃၁ ရက်မှာ” လို့ ပဒိုစောအယ်နားက CJ Platform ကို ပြောပါတယ်။
ထီးဆဲ့မဲ့ရွာစစ်ကြောင်းနဲ့ KNLA တပ်မဟာ ၄ ကြား အစောပိုင်းက သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ထီးဆဲ့မဲ့ရွာစစ်ကြောင်းဟာ ဗိုလ်ချုပ်စောနယ်ဒါးမြ ဦးဆောင်တဲ့ KTLA လက်အောက်ခံ ဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ KTLA လက်အောက်ခံ တပ်ရင်း ၁ အနေနဲ့ ပါဝင်ခဲ့ပေမယ့် ခေါင်းဆောင်မှုနဲ့ ထောက်ပံ့ကူညီမှုတွေ မရရှိခဲ့တာကြောင့် KNLA တပ်မဟာ ၄ နဲ့ ပြန်လည်ညှိနှိုင်းမှုတွေရှိခဲ့ပြီး အခုလို ပြန်လည်ပူးပေါင်းခဲ့တာလို့ ပဒိုစောအယ်နားက ဆက်ပြောပါတယ်။
ဒါ့အပြင် တနင်္သာရီမြို့နဲ့ မောတောင်မြို့ လမ်းပိုင်းတစ်လျှောက်နဲ့ ဒေသတစ်ဝိုက်မှာ စစ်အာဏာရှင် တော်လှန်ရေးအတွက် KNLA တပ်ရင်း ၁၁ နဲ့အတူ စစ်ဆင်ရေးတွေ ပူးပေါင်းဖော်ဆောင်မှုတွေရှိခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက် မောတောင်မြို့သိမ်းတိုက်ပွဲမှာလည်း မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။
“လက်တွေ့မှာ သူတို့ KTLA တပ်ရင်းဖြစ်သော်လည်း မြေပြင်မှာ ကျွန်တော်တို့ KNLA တပ်မဟာ ၄ တပ်ရင်း ၁၁ မြို့နယ်ခေါင်းဆောင်နဲ့ အတူတူဆက်သွယ်တယ်။ အတူတူ စစ်ရေးဖော်ဆောင်တယ်။ KTLA ခေါင်းဆောင်ဘက်က သူတို့က ဦးဆောင်မှုမရှိဘူး။ အထောက်အပံ့လည်းမရှိဘူး။ အဲဒါကြောင့် သူတို့ KNLA တပ်မဟာ ၄ နဲ့ ပြန်နားလည်မှုရရှိတယ်” လို့ ပဒိုစောအယ်နားက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၆ ရက်ကလည်း ဗိုလ်အယ်စေးဝါး ဦးဆောင်တဲ့ Lion Battalion Commando စစ်ကြောင်းဟာ KNLA တပ်မဟာ ၆ လက်အောက်ခံ ပြန်လည်ပူးပေါင်းခဲ့သလို ဗိုလ်စောဝင်းမြင့် ဦးဆောင်တဲ့ Cobra Column 2 Venom စစ်ကြောင်းကလည်း ၂၀၂၃ ဧပြီ ၆ ရက်မှာ Cobra စစ်ကြောင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့ပါသေးတယ်။
ဓာတ်ပုံ – KTLA
