ကသာမြို့လယ်ထိ တော်လှန်ရေးအင်အားစုတွေ ရောက်ရှိလာပြီး တိုက်ပွဲတွေပြင်းထန်နေ

Author CJ Platform
Categories
Published on Dec 30, 2025

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်မှာ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိပြီး ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ တိုက်ပွဲတွေဆက်ရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းမြစ်တွေဆီက စုံစမ်းသိရှိရပါတယ်။

 

ကသာမြို့ကို ‌ဒီဇင်ဘာလ ၂၈ ရက်နေ့ကစတင်ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက ကသာမြို့အစွန်နဲ့ ခမရ ၃၀၉ တပ်ရင်းတစ်ဝိုက်က စစ်အုပ်စုစခန်းတွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

“ တိုက်ပွဲက ဆက်ဖြစ်နေဆဲပဲ ၊ ရဲဘော်တွေ မြို့အတွင်းထိစီးမိပြီလို့ ခန့်မှန်းလို့ရမယ် ၊ ရဲစခန်း ဆုတ်သွားပြီဆိုတော့လေ၊၊ ရဲစခန်းက မြို့မဈေးနားမှာဆိုတော့” လို့ ဒီကနေ့ ညနေ ၄ နာရီခွဲခန့်မှာ စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက CJ Platform ကိုပြောပါတယ်။

 

မနေ့က ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ကသာမြို့ကို ကာရံထားတဲ့ ခြေမြန်တပ်ရင်း(ခမရ-၃၀၉)တပ်ရင်းနဲ့ စစ်အုပ်စုတွေ အထိုင်ချတပ်စွဲထားတဲ့ မြို့တွင်းက ရပ်ကွက်-၅ ၊ ရပ်ကွက် ၈ နေရာတွေကို ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ဗန်းမောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ ဘက်မှ ထုတ်ပြန်ထားပါတယ်။

 

ကသာမြို့အနီးကို ဒီဇင်ဘာ ၂၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပနေချိန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကသာမြို့အနီးဝန်းကျင်သို့ချဉ်းကပ်လာခဲ့ပြီး စတင်တိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ခန့်ပြုလုပ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

 

“ မြို့သိမ်းတိုက်ပွဲတွေကတော့ အစောပိုင်းတွေကတည်းက သတင်းထွက်နေတော့ တချို့လည်း ကြိုထွက်တာရှိတယ် ၊ မြို့ထဲပိတ်မိသူတွေလည်း တော်တော်တော့ရှိမယ် အဓိက တော့ ၃၀၉ က မြို့အစွန်မှာဆိုတော့” လို့ အထက်ပါစစ်ရေးသတင်းအရင်းမြစ်ကပြောပါတယ်။

 

လက်ရှိအချိန်မှာ မြို့သိမ်းတိုက်ပွဲတွေကြောင့် ကသာမြို့ဝင် မြို့ထွက်လမ်းပိုင်းတွေကို စစ်အုပ်စုက ပိတ်ဆို့ထားတဲ့အခြေအနေဖြစ်နေတာကြောင့် ဒေသခံအချို့မြို့တွင်းမှာပိတ်မိနေတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

 

လက်ရှိမှာ စစ်အုပ်စုဟာ ကသာမြို့ပေါ်သာ စိုးမိုးထားနိုင်ပြီး မြို့နယ်အတွင်းက ကျေးရွာဒေသတွေကိုတော့ တော်လှန်ရေးတပ်တွေက ၂၀၂၃ ခုနှစ်ခန့်ကတည်းက စိုးမိုးထားခဲ့တာဖြစ်ပါတယ်။

 

တော်လှန်ရေးတပ်တွေက လွန်ခဲ့တဲ့လေးလကျော်ကတည်းက ကသာမြို့ကို ပိတ်ဆို့မှုတွေဆောင်ရွက်ခဲ့ကြပြီး အခုလ ဒီဇင်ဘာ ၂၈ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဟာမိတ်တပ်တွေဖြစ်တဲ့ KIA ၊ ABSDF နဲ့ NUG လက်အောက်ခံ တော်လှန်ရေးတပ်တွေက စတင်ချဉ်းကပ်ပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

ဒီကနေ့ထိ တော်လှန်ရေးတပ်တွေက စစ်ကိုင်းတိုင်းအတွင်းက အင်းတော် ၊ ဗန်းမောက် ၊ ခမ်းပတ် ၊ မောလူး ၊ ပင်လည်ဘူး ၊ မြို့သစ်နဲ့ ရွှေပြည်အေးမြို့တွေကို သိမ်းထားနိုင်ခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

ပုံစာ – ကသာမြို့တွင်း တိုက်ပွဲပြင်းထန်နေပုံ