မင်းအောင်လှိုင်က သမ္မတမလုပ်ရရင် သေရမလိုဖြစ်နေတယ်လို့ ယန်ဟီးလီ ပြော
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံသမ္မတရာထူးကိုရယူလိုနေပြီး သမ္မတရာထူးကို ရူးသွပ်နေသလို မထမ်းဆောင်ရပါက သေရမလိုဖြစ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင် ယန်ဟီးလီက DW သတင်းဌာနနဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ စစ်ရေးပဋိပက္ခတွေဖြစ်ပေါ်နေပြီး လက်ရှိအခြေအနေတွေကို နိုင်ငံတကာကလည်း သိရှိနေချိန် စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပတဲ့ရည်ရွယ်ချက်ဟာ ဘာဖြစ်နိုင်မလဲလို့ DW သတင်းဌာနက မေးမြန်းခဲ့ချိန် ယန်ဟီးလီက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။
“မင်းအောင်လှိုင်ကလည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲအလွန် (၂၀၂၀ ရွေးကောက်ပွဲ ရည်ညွှန်း) ကတည်းက သမ္မတဖြစ်ဖို့ ရူးသွပ်နေတာ၊ သမ္မတ မလုပ်ရရင် သေရမလိုဖြစ်နေတာ။ အခု ရွေးကောက်ပွဲလုပ်လိုက်တော့ သူတို့ တရားဝင်မှုရလာမယ်လို့ မျှော်လင့်နေတာ။ တကယ့်လက်တွေ့မှာတော့ ပြည်သူတွေအပေါ် ရာဇဝတ်မှုတွေ ကမ်းကုန်အောင် ကျူးလွန်နေတာ” လို့ ယန်ဟီးလီက ထည့်သွင်းဖြေဆိုခဲ့တာပါ။
မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအများအပြားရှိနေတဲ့ တရုတ်အစိုးရကတော့ လက်ရှိစစ်ရေးပဋိပက္ခကို ရပ်တန့်ကာ နိုင်ငံတည်ငြိမ်မှုကို လိုလားနေတယ်လို့ ယန်ဟီးလီက ဆက်ပြောပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအတွင်းမှာ ပြည်သူတွေအပေါ် အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေသလို လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူးလို့ ဆိုပါတယ်။
အသက် ၇၀ နီးပါးရှိနေပြီဖြစ်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို စွန့်လွှတ်ရချိန် သမ္မတရာထူးကိုရယူကာ အာဏာဆက်လက်စွဲကိုင်ထားနိုင်မှုတွေ ရှိနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်မှုတွေရှိနေပါတယ်။
အခု ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲ အပိုင်း (၁) ကို စတင်ကျင်းပချိန် နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းက မဲရုံမှာ လာရောက်မဲထည့်ခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဘီဘီစီသတင်းဌာနအပါအဝင် သတင်းဌာနအချို့ရဲ့ သူရဲ့ သမ္မတအိပ်မက်အပေါ် မေးမြန်းမှုကို “လွှတ်တော်ကနေ သမ္မတရွေးချယ်ရေးနဲ့ပတ်သက်တဲ့ Process တွေ လုပ်ဆောင်ဖို့ရှိနေသလို အဲဒီအချိန်ကျမှသာ ပြောဖို့သင့်မယ်လို့ ယူဆတယ်” လို့ မင်းအောင်လှိုင်က ပြောပါတယ်။
နိုင်ငံတော်သမ္မတရာထူး တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းခဲ့ပါက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဆန္ဒရှိပါသလားလို့ အခု ဒီဇင်ဘာ ၁၄ ရက်ကပြုလုပ်တဲ့ အွန်လိုင်းလိမ်လည်မှု သတင်းစာရှင်းလင်းပွဲမှာ စစ်အုပ်စု ဝါဒဖြန့် သူရိယနေဝန်းဂျာနယ်ကလည်း မေးမြန်းမှုတွေရှိခဲ့ပါသေးတယ်။
“နိုင်ငံတော်က တာဝန်ပေးလာပါက နိုင်ငံတော်အတွက် သူ့ရဲ့အတွေ့အကြုံတွေကို အသုံးချပြီး လုပ်ဆောင်သွားမယ်ဆိုတဲ့ စကားကို သူ (မင်းအောင်လှိုင်) ပြောခဲ့ဖူးကြောင်းနဲ့ သမ္မတရွေးချယ်ရေး အခြေခံအချက်အလက်တွေနဲ့ ပြည့်စုံပြီး လွှတ်တော်အမတ်ကိုယ်စားလှယ်တွေက ရွေးချယ်တာဝန်ပေးပါက လုပ်ဆောင်ရမှာသာဖြစ်တယ်” လို့ စစ်အုပ်စု ပြောခွင့်ရ ဇော်မင်းထွန်းက ဆိုပါတယ်။
နိုင်ငံတာဝန်ထမ်းဆောင်ရမယ့်သက်တမ်းကို ကျော်လွန်ကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ရယူထားသလို ယာယီသမ္မတရာထူးကိုလည်း ကိုယ့်ဘာသာ ပြန်လည်ခန့်အပ်ထားပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (စစ်ကော်မရှင်) ဥက္ကဋ္ဌအဖြစ်လည်း ပူးတွဲရယူထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဩဂုတ် ၁ ရက်ကနေ ၂၀၂၅ ဩဂုတ် ၃၁ ရက်နေ့အထိ နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကော်မရှင်) ဥက္ကဋ္ဌရာထူးကို ရယူခဲ့ပါသေးတယ်။
ဓာတ်ပုံ – ဆင်ဟွာ
