ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာ တိုင်ကြားခံထားရမှု စုံစမ်းစစ်ဆေးရေးအစီရင်ခံစာ ထုတ်ပြန်မယ်လို့ ဒေါက်တာဇော်ဝေစိုး ပြော
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာကို ဝန်ထမ်းဟောင်း ၁၂ ဦးက တိုင်ကြားခဲ့မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေသလို မကြာခင်မှာ အစီရင်ခံစာ ထုတ်ပြန်ပေးသွားမယ်လို့ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက PVTV နဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောကြားထားပါတယ်။
ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါ်ကြည်ပြာနဲ့ အမျိုးသားဖြစ်သူ ဦးညီညီမင်းတို့ကို လူ့အခွင့်အရေးချိုးဖောက်မှု၊ အလွဲသုံးစားမှု၊ အဂတိလိုက်စားမှု၊ ဝန်ထမ်းတွေအပေါ်နဲ့ တော်လှန်ရေးအစိုးရအတွင်း မလျော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ်ဆောင်ရွက်မှု စတဲ့ စွပ်စွဲချက်တွေနဲ့ ယာယီသမ္မတ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့ကို လိပ်မူပြီး ဝန်ကြီးချုပ်ရုံး ဝန်ထမ်းဟောင်း ၁၂ ဦးက နိုဝင်ဘာ ၁၉ ရက်မှာ တိုင်ကြားခဲ့တာပါ။
ဒီစွပ်စွဲတိုင်ကြားခဲ့မှုတွေနဲ့ပတ်သက်ပြီး တိုင်ကြားခံရသူနဲ့ တိုင်ကြားသူတွေကို စုံစမ်းစစ်ဆေး မေးမြန်းမှုတွေ လုပ်ဆောင်ခဲ့သလို ငွေကြေးဆိုင်ရာ ဘဏ္ဍာရေးစာရင်းတွေနဲ့ပတ်သက်ပြီး NUG အစိုးရအဖွဲ့ကို အကူအညီပေးနေတဲ့ အလှူရှင် (Donor) တွေနဲ့ ချိတ်ဆက်ဆောင်ရွက် မေးမြန်းနေတာတွေလည်း ရှိနေတယ်လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
“စာရင်းဇယားတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ အသေအချာစိစစ် စစ်ဆေးလျက်ရှိပါတယ်။ တကယ်တော့ ဒါဟာ Donor တွေပေါ့နော်၊ Development ပါတနာတွေ၊ ကျွန်တော်တို့ကို ကူညီနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်နေတာဖြစ်တော့ ဒီအဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့ စာရင်းဇယားတွေကိုလည်း ရရှိနိုင်ရေးနဲ့ စစ်ဆေးနိုင်ရေး ဆောင်ရွက်နေရတာ ဖြစ်ပါတယ်” လို့ ဒေါက်တာဇော်ဝေစိုးက ဖြေကြားထားပါတယ်။
NUG နဲ့ပတ်သက်တဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီကနေ ငွေကြေးဆိုင်ရာ စာရင်းဇယားတွေကို ရရှိအောင် ဆောင်ရွက်ရသလို စစ်ဆေးနိုင်ဖို့အတွက်ကိုလည်း လုပ်ဆောင်နေတာကြောင့် အချိန်ကြာမြင့်နေတာဖြစ်သလို စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို ဝန်ကြီးချုပ်ထံ တင်ပြပြီးနောက် ပြည်သူတွေဆီ အသိပေးထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှု၊ ကိုယ်ကျိုးရှာမှုနဲ့ တော်လှန်ရေးအပေါ် အမြတ်ထုတ်မှုတွေကို လုံးဝခွင့်လွှတ်မှာမဟုတ်သလို ဒါနဲ့ပတ်သက်ပြီး Zero Tolerance မူဝါဒနဲ့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ လက်ရှိ စုံစမ်းစစ်ဆေးမှုတွေနဲ့ပတ်သက်ပြီး တော်လှန်ရေးသစ္စာ၊ တော်လှန်ရေးကတိနဲ့အညီ အမှန်တရားဖော်ထုတ်နိုင်တဲ့အထိ လုပ်ဆောင်သွားမယ်လို့ သူက ဆက်ပြောပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှု၊ အဂတိလိုက်စားမှုတွေနဲ့ တိုင်ကြားခံထားရတဲ့ ဒေါ်ကြည်ပြာကလည်း သူ့ကို တိုင်ကြားခဲ့သူ ၁၂ ဦးအပေါ် ပြန်လည်တိုင်ကြားမှုတွေရှိခဲ့ပြီး NUG အစိုးရအဖွဲ့အပေါ် အကြည်ညိုပျက်စေမှု၊ အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေမှု၊ လူပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံရေးကို ထိခိုက်နစ်နာစေမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု စတဲ့ အချက်တွေနဲ့ ပြန်လည်တိုင်ကြားထားတယ်လို့ ဒီဖြစ်စဉ်မှာ ပါဝင်နေသူတွေထံက သိရပါတယ်။
ဓာတ်ပုံ – ဒေါ်ကြည်ပြာ Facebook
