ကနဦး အတည်ပြုပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄၆ နေရာမှာ ကြံ့ခိုင်ရေးပါတီ ၄၂ နေရာထိ မထူးဆန်းစွာ အနိုင်ရ


စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက စစ်အုပ်စု ရွေးကောက်ပွဲကျင်းပတဲ့ မြို့နယ်အများစုမှာ မထူးဆန်းစွာ အနိုင်ရဦးဆောင်နေပြီး ကနဦး အတည်ပြုပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၄၆ နေရာအနက် ၄၂ နေရာအထိ အနိုင်ရထားတယ်လို့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာနေတဲ့ Data For Myanmar ရဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ည ၇ နာရီခွဲအထိ ကနဦးအချက်အလက်တွေအရ သိရပါတယ်။

 

စစ်ဗိုလ်ချုပ်အများစုပါဝင်တဲ့ ကြံ့ခိုင်ရေးပါတီဟာ ပြည်သူ့လွှတ်တော်အပြင်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်နေရာအများစုကို အနိုင်ရရှိထားတာဖြစ်ပြီး ကနဦးသိရတဲ့ စာရင်းတွေအရ နေပြည်တော်က မြို့နယ် ၈ ခုနဲ့ ရန်ကုန်တိုင်းက မြို့နယ် ၁၂ ခုတို့အပါအဝင် မန္တလေး၊ မွန်နဲ့ တနင်္သာရီတို့မှာ မထူးဆန်းစွာ အနိုင်ရဦးဆောင်နေတာလည်း ဖြစ်ပါတယ်။

 

ရခိုင်ပြည် မာန်အောင်မြို့မှာတော့ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) နဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) တို့ အနိုင်ရဦးဆောင်နေပြီး မွန်ညီညွတ်ရေးပါတီ (MUP) က မွန်ပြည် ချောင်းဆုံမြို့နယ်မှာ အနိုင်ရဦးဆောင်နေသလို ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ (PP) ကတော့ တနင်္သာရီတိုင်း မြိတ်မြို့နယ်ရဲ့ တိုင်းဒေသကြီး မဲဆန္ဒနယ်တစ်ခုတည်းမှာသာ အနိုင်ရဦးဆောင်နေပါတယ်။

 

စစ်အုပ်စုစိတ်တိုင်းကျပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲကို နိုင်ငံရေးပါတီပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ပါတီပေါင်း ၆ ပါတီသာရှိပြီး ကြံ့ခိုင်ရေးပါတီက နိုင်ငံတစ်ဝန်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀၁၈ ဦးနဲ့ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။

 

နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၃၃၀ ထဲက ၂၆၅ မြို့နယ်မှာ စစ်အုပ်စုက အပိုင်း ၃ ပိုင်းခွဲကာ ရွေးကောက်ပွဲကျင်းပနေတာဖြစ်ပြီး မြို့နယ်ပေါင်း ၆၅ မြို့နယ်မှာတော့ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိပါဘူး။

 

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ပြောဆိုထားပြီး စစ်တပ်ကလုပ်တဲ့ ရွေးကောက်ပွဲကို နာမည်ပျက်မခံဘူးလို့ ပြောဆိုနေပေမယ့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲအဖြစ် မြန်မာပြည်သူအများစုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ကန့်ကွက်ရှုတ်ချထားကြပါတယ်။

 

ဓာတ်ပုံ – USDP