ရွေးကောက်ပွဲ အပိုင်း(၁) အပြီး ဝက်လက်ကို ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးနှစ်ဦး သေဆုံး
စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်မှာ ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ မနက် ၁၁နာရီခွဲခန့်က စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီးနှစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စု တံတားဦးတပ်က ဂျက်ဖိုက်တာတစ်စင်းနဲ့ ဝက်လက်မြို့အနီးက ကျေးရွာတစ်ရွာဖြစ်တဲ့ လိန်ပင်ကျေးရွာကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံထိခိုက်သေဆုံးမှုတွေ နဲ့ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
“ လေးကြိမ်လောက်ကြဲချခဲ့တာ ၊ လိန်ပင်အနောက်ဖျားပိုင်းက ဒေသခံနေအိမ်တွေပေါ်ကျခဲ့တာ ထိခိုက်သေဆုံးတာတွေရှိတယ်” လို့ ဝက်လက်မြို့နယ် ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်အုပ်စုက ဝက်လက်မြို့နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သူက ဆက်ပြောပြပါတယ်။
အဲဒီလို စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် ဝက်လက်မြို့နယ် လိန်ပင်ကျေးရွာ ဒေသခံ အမျိုးသမီးနှစ်ဦး နေရာမှာတင် သေဆုံးကာ နောက်ထပ် အမျိုးသမီးသုံးဦးနဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း Wetlet Information Network က သတင်းထုတ်ပြန်ထားပါတယ်။
အခုလ ဒီဇင်ဘာ အတွင်းမှာ သူတို့ရဲ့ ရွေးကောက်ပွဲကိုအလုံးစုံ ကျင်းပနိုင်ခြင်းမရှိတဲ့ စစ်ကိုင်းတိုင်းက ဝက်လက်မြို့နယ်ထဲမှာ အခုလို လေကြောင်းတိုက်ခိုက်မှုတွေကို အကြောင်းမဲ့ပြုလုပ်လေ့ရှိခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်ကနေ ၂၉ ရက်ထိ တစ်လအတွင်းမှာ ကိုးကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ၂၂ ဦးခန့် သေဆုံးခဲ့ရပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – ဒီဇင်ဘာ ၂ရက်နေ့က ဝက်လက်မြို့နယ် နတ်မော်ဦးကျေးရွာကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့သည့် မြင်ကွင်း
