ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာတွေကို စစ်အုပ်စုက ဗုံးကြဲနေလို့ ဒေသခံ ၁၀၀ နီးပါးသေဆုံး

Author CJ Platform
Categories
Published on Dec 27, 2025

စစ်အုပ်စုဟာ ဒီဇင်ဘာ ၂၈ရက်နေ့မှာ ကျင်းပမယ့် သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲ မတိုင်မီ ရက်ပိုင်းအလိုမှာပင် အညာဒေသအတွင်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ဒေသတွေမှာရှိတဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဒေသခံတွေအပေါ်  အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံ ၁၀၀ နီးပါးသေဆုံးခဲ့ရပါတယ်။

 

CJ Platform က လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ အချက်အလက်တွေအရ အခု ဒီဇင်ဘာ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၂၄ ရက်အတွင်းမှာ စစ်အုပ်စုဟာ မန္တလေး ၊ စစ်ကိုင်း ၊ မကွေး တိုင်းအတွင်းက ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ဒေသအတွင်းက ဒေသခံတွေကို အင်အားသုံး တိုက်ခိုက်နေကြောင်းတွေ့ရပါတယ်။

 

စစ်အုပ်စုဟာ သူတို့ရဲ့ ရွေးကောက်ပွဲအပြည့်အဝကျင်းပနိုင်ခြင်းမရှိတဲ့ အညာဒေသအတွင်းက နယ်မြေတွေပြန်လည်စိုးမိုးမှုရရှိစေရေးအတွက် မြေပြင်စစ်ကြောင်းတွေအပြင် အခုလို လေကြောင်းတိုက်ခိုက်မှုတွေကို အပြင်းအထန်အင်အားသုံးပြီး ပြုလုပ်ခဲ့တာကြောင့် ဒေသခံ ၉၄ ဦးကျော် သေဆုံးခဲ့ပြီး ၁၅၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

အဲဒီ သေဆုံးသူတွေထဲမှာ ရဟန်းသံဃာတွေအပြင် ကလေးသူငယ်တွေနဲ့ အမျိုးသမီးသေဆုံးမှုတွေ ရှိသလို စာသင်ကျောင်းနဲ့ သာသနိကအဆောက်အအုံတွေပါ ပျက်စီးခဲ့ရပြီး ဒီလအတွင်း အညာဒေသလေကြောင်းတိုက်ခိုက်ခံရမှုတွေထဲမှာ စစ်ကိုင်းတိုင်းမှာ အကြိမ်ရေအများဆုံးနဲ့ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

 

စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုတွေထဲမှာ ဒီဇင်ဘာ ၅ ရက်နေ့က စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အစုလိုက်အပြုံလိုက် ဒေသခံ ၂၀ ကျော်သေဆုံးခဲ့ရပါတယ်။

 

ဒါ့အပြင် ဒီဇင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်နေ့နှစ်ရက်တာအတွင်းမှာလည်း စစ်အုပ်စုက ခင်ဦးမြို့နယ်အတွင်း ဂျက်ဖိုက်တာ ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၀ ထက်မနည်း ပြုလုပ်ခဲ့တာကြောင့် ဒေသခံ ၁၃ ဦးကျော်သေဆုံးခဲ့ရပြီး ၂၅ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

အဲဒီသေဆုံးမှုတွေထဲမှာ စဉ့်ကူးမြို့နယ်အတွင်းက စစ်ရေးအခြေအနေတွေကြောင့် ဧရာဝတီမြစ်ကို ဖြတ်ကူးလာတဲ့ စစ်ရှောင်တွေပါဝင်တယ်လို့ သိရပြီး ဒေသခံတစ်ဦးက “ ခင်ဦးနယ်ကိုကူးနေတဲ့ မြစ်ဆိပ်ကိုလည်းအကြီးအကျယ်ဗုံးကြဲခဲ့တာ ပြည်သူတွေကိုဗုံးကြဲတာ ၊ ပြည်သူတွေကလည်း စဉ့်ကူးဘက်က အခြေအနေတွေကြောင့် ဟိုဘက်ကမ်းကိုပဲကူးပြေးကြတာပေါ့ဗျာ ၊ အဲဒီကူးတဲ့သူတွေကို တအားကြဲတာ ၊ကားတွေရော ၊ ဇက်တွေရောအကုန်ထိပြီး ပြည်သူတွေသေဆုံးခဲ့ရတယ်” လို့ CJ Platform ကို ပြောပါတယ်။

 

အခုလို လေကြောင်းတိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာလည်း စစ်အုပ်စုဟာ အညာဒေသအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၀ ကျော်တိုက်ခိုက်ခဲ့ပြီး ဒေသခံ ၆၀ ကျော်သေဆုံးခဲ့ရပါတယ်။

 

စစ်အုပ်စုရဲ့ နိုဝင်ဘာလအတွင်း တိုက်ခိုက်မှုတွေနဲ့ ရွေးကောက်ပွဲကျင်းပမယ့် ဒီဇင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု အချက်အလက်တွေနဲ့ နှိုင်းယှဉ်ပါက စစ်အုပ်စုဟာ အညာဒေသအတွင်း လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာတာကို တွေ့ရပါတယ်။

 

စစ်အုပ်စုလေကြောင်းတိုက်ခိုက်တဲ့ ဒေသတွေထဲမှာ ရွေးကောက်ပွဲကိုအလုံးစုံ ကျင်းပနိုင်ခြင်းမရှိတဲ့ စစ်ကိုင်းတိုင်းက ဝက်လက်မြို့နယ်နဲ့ ခင်ဦးမြို့နယ်တွေမှာ အများဆုံးတိုက်ခိုက်ခဲ့ပြီး ဘုတလင် ၊ ယင်းမာပင် ၊ ဒီပဲယင်း ၊ ပင်လည်ဘူး စတဲ့ ဒေသတွေမှာတိုက်ခိုက်ခဲ့ပါသေးတယ်။

 

ဒါ့အပြင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မကွေးတိုင်းက မြိုင် နဲ့ ပေါက်မြို့နယ်တွေမှာ ဆက်တိုက်တိုက်ခိုက်တာတွေ ရှိခဲ့သလို မန္တလေးတိုင်းက စဉ့်ကူးမြို့နယ်ကဒေသခံတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာတွေလည်း ရှိနေပါတယ်။

 

လက်ရှိအချက်အလက်တွေကိုတော့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေနဲ့ သက်ဆိုင်ရာဒေသတွင်း သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်ပြောဆိုချက်တွေအရ စာရင်းပြုစုထားတာဖြစ်တာကြောင့် မြေပြင်နဲ့ကွာဟချက်တွေရှိနေနိုင်ပါတယ်။

 

စစ်အုပ်စုဟာ နိုင်ငံတစ်ဝန်းလေကြောင်းတိုက်ခိုက်မှုတွေကို ဂျက်ဖိုက်တာ ၊ ဒရုန်း ၊ စက်တပ်လေထီးစတဲ့ လေကြောင်းတိုက်ခိုက်မှုနည်းလမ်းတွေသုံးပြီး အရပ်သားတွေအပေါ်ပစ်မှတ် ထားတိုက်ခိုက်နေခြင်းဖြစ်ပါတယ်။

 

အခုလို လေကြောင်းတိုက်ခိုက်တာတွေအပြင် စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကြောင့် စစ်တပ်က အာဏာလုယူခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ်ကစလို့ ၂၀၂၅ ဒီဇင်ဘာ ၂၆ ရက်အတွင်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၃၆၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

 

ဓာတ်ပုံ – WIN

ပုံစာ – အညာဒေသတစ်နေရာကို စစ်အုပ်စုက ဒီဇင်ဘာလအတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ မြင်တွေ့ရစဉ်