မြစ်ဆုံစီမံကိန်းဟာ ဆောင်ရွက်သင့်တဲ့လုပ်ငန်းတစ်ခုဖြစ်တယ်လို့ ဒေါ်သက်သက်ခိုင် ပြော
မြစ်ဆုံဆည်စီမံကိန်းနဲ့ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ ပျက်စီးမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ပါက ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ ဆောင်ရွက်သင့်တဲ့ လုပ်ငန်းဖြစ်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် အခု ဒီဇင်ဘာ ၂၄ ရက်နေ့ ရန်ကုန်တိုင်း လူထုတွေ့ဆုံပွဲမှာ ဒေါ်သက်သက်ခိုင်က ပြောဆိုခဲ့တာဖြစ်ပြီး ကုန်ထုတ်လုပ်မှုတိုးတက်စေဖို့ မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်ပြီး အကြောင်းအရာတွေကို အသေအချာလေ့လာပြီး ရေအားလျှပ်စစ်ထုတ်လုပ်မှုကို လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။
“မြစ်ဆုံစီမံကိန်းကလည်း ထည့်သွင်းစဉ်းစားသင့်တဲ့ Feasibility study ပေါ့။ ဘယ်လိုတွေ ဆောင်ရွက်မှာလဲ။ သဘာဝပတ်ဝန်းကျင်အပေါ် ဘယ်လိုတွေထိခိုက်တာလဲ။ ဒါတွေလည်း သက်ဆိုင်ရာလူတွေ လုပ်ထားပြီးသားဖြစ်ကောင်းဖြစ်မယ်။ ဒါတွေကို ကျွန်မတို့ သေချာလေ့လာပြီးတော့မှ ရေအားလျှပ်စစ်ကတော့ ထုတ်လုပ်သင့်တဲ့၊ ဆောင်ရွက်သင့်တဲ့လုပ်ငန်းတစ်ခု ဖြစ်ပါတယ်” လို့ ဒေါ်သက်သက်ခိုင်က ရန်ကုန်တိုင်း လူထုတွေ့ဆုံပွဲမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
နိုင်ငံတစ်ဝန်း ပြည်သူတွေ ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်စတင်ဖို့ စစ်အုပ်စုက ပြန်လည်စတင် လုပ်ဆောင်လာချိန်မှာ PPP ပါတီခေါင်းဆောင် ဒေါ်သက်သက်ခိုင်ကလည်း အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။ ဒါ့အပြင် လျှပ်စစ်ဓာတ်အား အလုံအလောက်မရရှိပါက ကုန်ထုတ်လုပ်မှုတွေ အကန့်အသတ်ရှိနေနိုင်ပြီး နိုင်ငံရဲ့ ကုန်ထုတ်စွမ်းအား တိုးတက်စေဖို့အတွက် ကုန်ကျစရိတ်သက်သာတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်မှုကို လုပ်ဆောင်သင့်တယ်လို့ သူက ဆိုပါတယ်။
“နည်းပညာလည်းရှိတယ်။ ဈေးလည်းသက်သာတာကတော့ ရေအားလျှပ်စစ်ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ အခုချိန်မှာ မြစ်ဆုံလို့ ပြောနေတာပေါ့နော်။ မြစ်ဆုံဆည် အကြီးကြီးဆောက်မယ်ပေါ့။ မြန်မာနိုင်ငံမှာ အကြီးဆုံးဖြစ်ကောင်းဖြစ်မယ်။ တပြိုင်နက်တည်းမှာလည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ပုံစံနဲ့ ပျက်စီးမှု အနည်းဆုံးဖြစ်တဲ့ပုံစံနဲ့ ထုတ်လုပ်မယ်ဆိုရင်တော့ ရေအားလျှပ်စစ်ကို ဦးစားပေး ထုတ်လုပ်သင့်တယ်” လို့ သူက ဆက်ပြောပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည် ရီနန်၊ ခေါင်လန်ဖူး၊ ဖီဆာ၊ ဝဆုတ်၊ လိုင်ဇာ၊ ချီဖွေဒေသတို့မှာ တည်ဆောက်မယ့် ဆည်တွေနဲ့ မြစ်ဆုံစီမံကိန်းအပါအဝင် ဒေသတွင်း ဆည် ၇ ခုတည်ဆောက်ကာ စုစုပေါင်းရေအားလျှပ်စစ် ၂၁၅၀၀ မဂ္ဂါဝပ်ထုတ်လုပ်ဖို့ တရုတ်နိုင်ငံဘက်က ပြင်ဆင်အကောင်အထည်ဖော်နေတာဖြစ်တယ်လို့ Kachin Development Networking Group (KDNG) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးဖြစ်လာမယ့် မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်ပြီး PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်ထဲက Hoover (ဟူးဗား) ဆည်နဲ့ နှိုင်းယှဉ်ပြောဆိုခဲ့ပြီး ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ ဟူးဗားဆည်ဟာ အလွန်ကြီးမားတာကြောင့် ခရီးသွားတွေလာရောက်ကြည့်ရှုဖို့ ဆွဲဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စု ပြန်လည်စတင်ဖို့ကြိုးစားနေတဲ့ မြစ်ဆုံဆည်ဟာ မြစ်ကြီးနားမြို့နဲ့ မိုင် ၂၃ မိုင်ခန့်အကွာမှာရှိပြီး စစ်ကိုင်းပြတ်ရွေ့ငလျင်ကြောနဲ့ မိုင် ၁၀၀ ခန့်အကွာမှာရှိနေတာကြောင့် အင်အားပြင်းငလျင်လှုပ်ခတ်ပါက ဆည်ပြိုကျနိုင်မှုအခြေအနေတွေ ရှိနေသလို ဆည်တည်ဆောက်မှုကြောင့် ဂေဟစနစ်ပြောင်းလဲမှုတွေလည်း ဖြစ်ပေါ်လာနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျွမ်းကျင်သူတွေ၊ ငလျင်ပညာရှင်တွေနဲ့ မြစ်ကြောင်းဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။
မြစ်ဆုံဆည် စီမံကိန်းကို ၂၀၂၆ ခုနှစ်အတွင်း ပြန်လည်စတင်နိုင်ဖို့အတွက် စစ်အုပ်စုက ပြင်ဆင်နေပြီး မြစ်ဆုံစီမံကိန်းအပါအဝင် သူတို့ခွင့်ပြုထားတဲ့ စီမံကိန်းတွေ၊ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေကို အထောက်အထားမခိုင်လုံဘဲ ကန့်ကွက်ပါက ဖမ်းဆီးအရေးယူမယ်လို့လည်း ခြိမ်းခြောက် ပြောဆိုထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
