ရခိုင်နဲ့ ချင်းက မြို့အားလုံးနီးပါး အပါအဝင် မြို့နယ်ပေါင်း ၆၅ မြို့နယ်မှာ စစ်အုပ်စု ရွေးကောက်ပွဲ မကျင်းပနိုင်


မြန်မာနိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၂၆၅ မြို့နယ်မှာသာ ရွေးကောက်ပွဲကျင်းပတော့မှာဖြစ်ပြီး ကျန်တဲ့ ၆၅ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်ဘူးလို့ စစ်အုပ်စုက မနေ့က ဒီဇင်ဘာ ၂၅ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

 

ဒါဟာ ရွေးကောက်ပွဲကျင်းပဖို့ ၃ ရက်အလိုမှာ ရွေးကောက်ပွဲကျင်းပဖို့ ကျန်ရှိနေသေးတဲ့မြို့နယ်တွေကို ထုတ်ပြန်လာတာဖြစ်ပြီး ကျန်ရှိနေသေးတဲ့ ၇၂ မြို့နယ်ထဲက ၆၃ မြို့နယ်မှာသာ ရွေးကောက်ပွဲ ဆက်လက်ကျင်းပတော့မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ ရခိုင်ပြည်နဲ့ ချင်းပြည်တို့က မြို့နယ်အားလုံးနီးပါးမှာ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အခြေအနေမရှိတော့သလို စစ်ကိုင်းတိုင်းထဲက မြို့နယ် ၁၂ ခုမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတော့ပါဘူး။

 

စစ်အုပ်စု လက်လွှတ်ဆုံးရှုံးထားရပြီး အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်ထဲ မြို့နယ်ပေါင်း ၁၄ ခုမှာ ရွေးကောက်ပွဲမကျင်းပနိုင်တော့သလို စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူမြို့တို့က မြို့ပေါ်ရပ်ကွက်အချို့နဲ့ ကျေးရွာအုပ်စုအချို့တို့မှာလည်း ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်ပါဘူး။

 

ချင်းပြည်ထဲက တီးတိန်နဲ့ ဟားခါးမြို့တို့ကလွဲပြီး ကျန်မြို့နယ် ၇ မြို့နယ်ထဲမှာ စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အခြေအနေမရှိပါဘူး။ ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေ ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့မှာလည်း ရွေးကောက်ပွဲ မကျင်းပနိုင်တော့သလို နယ်မြေတည်ငြိမ်မှုမရှိသေးတဲ့ ကောလင်းမြို့မှာလည်း စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသေးပါဘူး။

 

ရွေးကောက်ပွဲကျန်ရှိနေတဲ့ မြို့နယ်တွေကို ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကချင်ပြည် မြစ်ကြီးနားတပ်က စစ်တပ်အရာရှိ၊ မိသားစုဝင်တွေနဲ့ အခု ဒီဇင်ဘာ ၁၆ ရက်က တွေ့ဆုံချိန် ပြောဆိုခဲ့ပါသေးတယ်။

 

စစ်အုပ်စု ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်ပေါင်း ၂၆၅ ထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ဒေသတွေပါဝင်နေပြီး ထိန်းချုပ်နယ်မြေတွေထဲမှာ ရွေးကောက်ပွဲကျင်းပဖို့ လုပ်ဆောင်လာပါက လိုအပ်တဲ့အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ (EROs) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့က ထုတ်ပြန်ထား ပါသေးတယ်။

 

ဓာတ်ပုံ – CDF ကန်ပက်လက်

ပုံစာ – တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို မြင်ရပုံ (ပုံဟောင်း)