မြစ်ဆုံစီမံကိန်းရဲ့ ဒုတိယအကြီးဆုံး ချီဖွေရေအားလျှပ်စစ်စီမံကိန်း ပြန်စနေကြောင်း ဂြိုလ်တုဓာတ်ပုံတွေက သက်သေပြ

Author CJ Platform
Categories
Published on Dec 25, 2025

ဆယ်စုနှစ်တစ်ခုကျော်ကြာ ရပ်တန့်နေခဲ့တဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ “ချီဖွေရေအားလျှပ်စစ်စီမံကိန်း” ကို စစ်အုပ်စုက တိတ်တဆိတ် ပြန်လည်စတင်နေတာကို ဂြိုလ်တုဓာတ်ပုံတွေက သက်သေပြနေပါတယ်။

CJ Platform က တွေ့ရှိထားတဲ့ ဂြိုဟ်တုဓာတ်ပုံ အထောက်အထားတွေအရ ခြုံနွယ်ပိတ်ပေါင်းတွေ ဖုံးလွှမ်းနေခဲ့တဲ့ စီမံကိန်းဧရိယာမှာ အဆောက်အအုံသစ်တွေ ပြန်လည်ပေါ်ပေါက်လာတာကို တွေ့ရှိရပါတယ်။

၂၀၂၀ ဝန်းကျင်တုန်းကတော့ စီမံကိန်းအဆောက်အအုံဟောင်းတွေဟာ ပျက်စီးပြီး သစ်ပင်ခြုံနွယ်တွေနဲ့ အုပ်ဆိုင်းနေခဲ့တာကို ဂြိုလ်တုဓာတ်ပုံ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ ဒါပေမယ့် ၂၀၂၄ နိုဝင်ဘာလမှာတော့ လမ်းဖောက်လုပ်မှုတွေ၊ မြေရှင်းလင်းမှုတွေ စတင်တွေ့ရှိရပြီး၊ ၂၀၂၅ ခုနှစ်ထဲမှာတော့ အဆောက်အအုံသစ်တွေ ဆောက်လုပ်နေတာကို ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။ ချီဖွေစီမံကိန်းဟာ မြစ်ဆုံစီမံကိန်းတွေထဲမှာ ဒုတိယအကြီးဆုံးဖြစ်ပြီး မဂ္ဂါဝပ် ၃,၀၀၀ ထွက်ရှိမယ့် စီမံကိန်းကြီး ဖြစ်ပါတယ်။

ဒါဟာ ချီဖွေတစ်ခုတည်း မဟုတ်ပါဘူး။ မြစ်ဆုံစီမံကိန်းကြီးတစ်ခုလုံးကို ပြန်စဖို့ စစ်အုပ်စုက ခြေလှမ်းပြင်နေတာပါ။ စီမံကိန်းပြန်စရန် ရည်ရွယ်ကာ “မြစ်ဆုံစီမံကိန်း ဦးဆောင်အဖွဲ့” ကို ဩဂုတ်လကတည်းက ဖွဲ့စည်းခဲ့ပါတယ်။ ဒီဇင်ဘာ ၁၆ ရက်နေ့က ကချင်ပြည်၊ မြစ်ကြီးနားကို ရောက်ရှိခဲ့တဲ့ ဒု-စစ်ခေါင်းဆောင် စိုးဝင်းက “ကွန်ကရိမျက်နှာ ကျောက်ဖြည့်တမံ (CFRD)” အမျိုးအစားနဲ့ တရုတ်နိုင်ငံနဲ့ ဆွေးနွေးသဘောတူထားပြီးပြီလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ စစ်ကိုင်းငလျင်ထက် ပိုမိုခံနိုင်ရည်ရှိမယ့် ဒီဇိုင်းနဲ့ တည်ဆောက်မယ်လို့လည်း သူက ဆိုပါတယ်။

စီမံကိန်းပြန်စဖို့ ပြင်ဆင်နေချိန်မှာပဲ စစ်အုပ်စုအတွင်းရေးမှူး အောင်လင်းဒွေး လက်မှတ်နဲ့ ထုတ်ပြန်လိုက်တဲ့ အမိန့်စာမှာ “ခွင့်ပြုထားတဲ့ စီမံကိန်းတွေကို ကန့်ကွက်ရင် ဖမ်းဆီးအရေးယူမယ်” လို့ ခြိမ်းခြောက်ထားပါတယ်။ NUG လျှပ်စစ်ဝန်ကြီး ဦးစိုးသူရထွန်းကတော့ “ဒါဟာ စည်းမဲ့ကမ်းမဲ့ လုပ်ချင်ရာလုပ်ဖို့နဲ့ ခရိုနီတွေကို လုပ်ပိုင်ခွင့်ပေးဖို့ ပြည်သူ့ပါးစပ်ကို ပိတ်လိုက်တာပဲ” လို့ CJ Platform ကို မှတ်ချက်ပြုပြောပါတယ်။

 

စစ်အုပ်စုက ငလျင်ဒဏ်ခံနိုင်အောင် တည်ဆောက်မယ်လို့ ပြောပေမယ့်၊ မကြာမီသေးခင်အချိန်က အင်အားပြင်း စစ်ကိုင်းငလျင်ဘေးကို ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေကတော့ ဧရာဝတီမြစ်ကြီး ပျောက်ကွယ်သွားမှာနဲ့ တမံကျိုးပဲ့မယ့် အန္တရာယ်ကို စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။

 

လူထုဆန္ဒနဲ့ ဆန့်ကျင်ပြီး ပြန်လည်အသက်သွင်းနေတဲ့ ဒီစီမံကိန်းတွေဟာ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုလား၊ ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေကို ဖျက်ဆီးမယ့် အန္တရာယ်လား ဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

 

 

 

Related News

Depend on news