စစ်အုပ်စုရဲ့ တိုက်ရိုက်ထုတ်လွှင့်ရုပ်သံလိုင်းတွေ ဆက်တိုက်ဖယ်ရှားခံနေရ

Author CJ Platform
Categories
Published on Dec 23, 2025

စစ်အုပ်စုလက်အောက်ခံ ဝါဒဖြန့်ရုပ်သံလိုင်းတွေကို နိုင်ငံတကာနည်းပညာကုမ္ပဏီကြီးတွေက ဆက်တိုက်ဖယ်ရှားမှုတွေ လုပ်ဆောင်နေချိန် ဩစတြေးလျနိုင်ငံ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Kick ကလည်း စစ်အုပ်စုရုပ်သံလိုင်းတွေကို သူ့ပလက်ဖောင်းကနေ ဖယ်ရှားခဲ့တယ်လို့ Justice For Myanmar (JFM) က ဒီနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 

စစ်အုပ်စုလက်အောက်ခံ ဝါဒဖြန့်ရုပ်သံလိုင်းတွေဖြစ်တဲ့ MRTV HD ၊ MITV ၊ MRTV News ၊ MRTV Farmers ၊ MRTV Sports ၊ MRTV NRC နဲ့ MRTV Entertainment တို့က တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်နဲ့ ပတ်သက်ပြီး Kick နည်းပညာပလက်ဖောင်းကို အသုံးပြုချိန် နာရီပိုင်းအတွင်း ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။

 

စစ်အုပ်စုဝါဒဖြန့်ရုပ်သံလိုင်းတွေထဲက MITV နဲ့ MRTV တို့ဟာ စစ်အုပ်စုလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးကြပ်ထုတ်လွှင့်နေတာဖြစ်ပြီး MITV ရုပ်သံလိုင်းဟာ နိုင်ငံတကာအတွက် အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်နေတာလည်း ဖြစ်ပါတယ်။

 

စစ်အုပ်စုရုပ်သံလိုင်းတွေကို Kick က မဖယ်ရှားမီ အစောပိုင်းရက်တွေကလည်း စစ်အုပ်စုဝါဒဖြန့် Facebook လူမှုကွန်ရက်အကောင့်တွေအပါအဝင် ဝါဒဖြန့်ရုပ်သံလိုင်းတွေကို YouTube, Twitch နဲ့ MediaFire တို့ကလည်း သူတို့ပလက်ဖောင်းတွေကနေ ဖယ်ရှားခဲ့ပါသေးတယ်။

 

စစ်အုပ်စုက သူတို့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ နိုင်ငံတကာကို ဝါဒဖြန့်မှုတွေကို စစ်ဆင်ရေးတစ်ခုသဖွယ် လုပ်ဆောင်နေပြီး နိုင်ငံတကာနည်းပညာကုမ္ပဏီကြီးတွေရဲ့ ပလက်ဖောင်းကို အသုံးချကာ ဝါဒဖြန့်ချိရေးတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောထားပါတယ်။

 

ဝါဒဖြန့်ချိရေးတွေ လုပ်ဆောင်ဖို့နဲ့ စောင့်ကြည့်ဖို့အတွက် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာ စစ်အုပ်စုက မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတစ်ခုကို ဖွဲ့စည်းခဲ့ပြီးနောက် ဝန်ထမ်းအင်အား ၅၀ ဝန်းကျင်နဲ့ စတင်လည်ပတ်ခဲ့သလို သတင်းတွေကို စောင့်ကြည့်ပြီး တုံ့ပြန်ရေးသားဖို့နဲ့ ဝါဒဖြန့်ဖို့အတွက် လုပ်ဆောင်မှုတွေ ရှိနေပါတယ်။

 

နိုင်ငံတကာနည်းပညာကုမ္ပဏီကြီးတွေအနေနဲ့ သူတို့ရဲ့ပလက်ဖောင်းကို စစ်အုပ်စုဝါဒဖြန့်ယန္တရားမှာ လက်ခံအသုံးပြုနေတာမျိုး မလုပ်ဆောင်ဖို့၊ စစ်အုပ်စုအပေါ် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လိုက်နာဖို့နဲ့ လူ့အခွင့်အရေးစံနှုန်းတွေအပေါ် အလေးထားဖို့ JFM နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုခဲ့ပြီးနောက်ပိုင်း အခုလို စစ်အုပ်စုရုပ်သံလိုင်းတွေ ဆက်တိုက်ဖယ်ရှားခံနေရတာလည်း ဖြစ်ပါတယ်။