တော်လှန်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးအပေါ်  မင်းကင်းပကဖ တာဝန်ခံက အဓမ္မပြုကျင့်တယ်လို့ တိုင်ကြားထားမှုဟာ တစ်နှစ်ကျော်ကြာသည်အထိ အရေးယူမှုမရှိ

Author CJ Platform
Categories
Published on Dec 22, 2025

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ်က မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖတာဝန်ခံ က တော်လှန်ရေးတပ် -SRFက တပ်ဖွဲ့ဝင်အမျိုးသမီးကို ၂၀၂၄ ဇွန်လမှာ အဓမ္မပြုကျင့်ခဲ့တယ်လို့ NUG ကို တိုင်ကြားထားမှုဟာ တစ်နှစ်ကျော်ကြာတဲ့အထိ တရားမျှတမှုမရရှိသေးဘူးလို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

 

အဲဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ဇွန် ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး SRF မှာ တာဝန်ထမ်းဆောင်နေသူ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးရဲဘော် တာဝန်ကျရာ ကမ်းပြည့်ရွာကိုရောက်လာတဲ့ မြို့နယ်ပကဖတာဝန်ခံနဲ့ လက်နက်ကိုင်ရဲဘော် ၁၂ ဦးခန့်ဟာ အလုပ်ကိစ္စနဲ့ ရွာသစ်ကုန်းကျေးရွာကို အတူလိုက်ပါရန် ခေါ်ဆောင်တာကြောင့် နောက်ထပ် ရဲဘော်တစ်ဦးနဲ့အတူ လိုက်ပါသွားခဲ့ပြီးနောက် အူကျေးရွာပအဖခေါင်းဆောင်နေအိမ်မှာ ညအိပ်နားစဉ် ကြုံတွေ့ခဲ့ရတာဖြစ်တယ်လို့ နစ်နာသူအမျိုးသမီးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

“ အလုပ်ကိစ္စရှိတယ်ဆိုတော့ ကျွန်မလည်းလိုက်သွားတယ်၊ လိုက်သွားတဲ့အခါမှာ လမ်းမှာမိုးတွေမိတယ် ၊ မိုးတွေမိတော့ အူကျေးရွာကို ခဏနားတယ် ၊ အူကျေး‌ရွာကို ခဏနားကြတဲ့အခါမှာ မိုးက အဆက်မပြတ်ရွာတယ် ၊ ဆက်သွားဖို့အဆင်မပြေတာနဲ့ အူကျေးရွာက ပအဖ ဦးနက်စိန်အိမ်မှာကျွန်မကို အခန်းတစ်ခန်းစီစဉ်ပြီးမှ ဦးနက်စိန်အိမ်မှာပဲကျွန်မကို အိပ်ခိုင်းလိုက်ပါတယ်ရှင့် ၊ ဦးနက်စိန်အိမ်မှာ မိုးမိထားတဲ့အတွက် နှစ်ခြိုက်စွာအိပ်ပျော်သွားတဲ့အချိန် ၁၁ နာရီထိုးလောက်မှာ မြို့နယ်တာဝန်ခံဦးညိုလွင်က အခန်းထဲကိုဝင်လာပြီးတော့ ကျွန်မကို အဓမ္မပြုကျင့်ပါတယ်” လို့ ပြောပါတယ်။

 

နစ်နာသူအမျိုးသမီးအနေနဲ့ ရုန်းကန်ရန်ကြိုးစားပေမယ့် မင်းကင်းမြို့နယ် ပကဖ တာဝန်ခံဟာ ရဲဘော်တွေရှိကြောင်းနဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေရှိခဲ့တာကြောင့် အရှက်သိက္ခာပိုင်းဆိုင်ရာကြောင့် ဘာတစ်ခုမှမပြောနိုင်ခဲ့သလို နှစ်ကြိမ်ကျူးလွန်ခြင်းခံခဲ့ရတယ်လို့ နစ်နာသူရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

“ကျွန်မရဲ့ ဂုဏ်သိက္ခာ ၊ ကျွန်မ ရှက်လည်းရှာတာကြောင့် ၊ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေ ရဲဘော်တွေကလည်း ဂန်းကိုယ်စီ ၁၂ ယောက်ပါခဲ့တာကြောင့် ကျွန်မလည်း အသက်အန္တရာယ်စိုးရိမ်တဲ့အတွက် ကျွန်မအော်လည်းမအော်ခဲ့ပဲနဲ့ အိမ်ရှင်တွေကိုလည်း ဘာတစ်ခုမှမပြောဘဲနဲ့ ကျွန်မလည်း ဒီတိုင်းပဲ တစ်ညလုံးနှစ်ကြိမ် သုံးကြိမ် ငြိမ်ပြီး နေခဲ့ရပါတယ်။ “ လို့ နစ်နာသူအမျိုးသမီးက ပြောပါတယ်။

 

အခင်းဖြစ်ပွားပြီးနောက် ကျူးလွန်သူလို့ စွပ်စွဲခံရသူ မင်းကင်းပကဖတာဝန်ခံကို အရေးယူပေးဖို့  နစ်နာသူက အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်ကြားမှုများဆိုင်ရာကော်မတီကို အခင်းဖြစ်ပြီးနောက်တစ်ရက် ၂၀၂၄၊ ဇွန်လ ၁၆ ရက်မှာတစ်ကြိမ်၊ အဲဒီနောက် ၆ လ အကြာ ဒီဇင်ဘာလ ၂၇ ရက် မှာတစ်ကြိမ် စာပို့တိုင်ကြားထားတာတွေရှိခဲ့ပြီး အွန်လိုင်းကနေ စစ်ဆေးမှုတချို့ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

နစ်နာသူအမျိုးသမီးရဲ့ မိခင်တပ်ရင်း SRF ရဲ့တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ ကိုယ်တိုင်သိရပြီး ကိုယ်တိုင်ဖြေရှင်းရတာမျိုး မဟုတ်ပါဘူး၊ မြိုနယ် ပကဖ-ဒုတာဝန်ခံနဲ့ တာဝန်ရှိသူတွေက သတင်းပေးလာပြီး သူတို့ကိုပဲစစ်ဆေးခွင့် ပြုထားတာပါ။ အဲဒီတာဝန်ရှိသူတွေကနေပဲ သက်ဆိုင်ရာဌာနအသီးသီးကို တိုင်ကြားပေးပြီး ဆောင်ရွက်ပေးထားကြတာပါ။လက်ရှိအချိန်ထိတော့ တိုင်ကြားပြီး ကတည်းက ဘာမှထူးခြားတာမျိုးမရှိပါဘူး။ အရေးယူ ဆောင်ရွက်ပေးတာမျိုးလည်း မရှိသေးပါဘူးခင်ဗျ” လို့ ပြောကြားခဲ့ပါတယ်။

 

လက်ရှိအချိန်မှာ နစ်နာသူအမျိုးသမီးဟာ အဓမ္မပြုကျင့်ခံရပြီးတဲ့နောက် မင်းကင်းပကဖတာဝန်ခံရဲ့ စာပို့ခြိမ်းခြောက်တာ၊ လိုက်လံရှာဖွေဖမ်းဆီးတာတွေကြောင့် လွတ်မြောက်ရာနေရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

 

“စစ်ဆေးတာတွေ ထပ်မလုပ်သေးဘူးဗျာ ၊ ရဲမေ က တော့ တိမ်းရှောင်နေဆဲ ပါ “ လို့ဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူလို့ စွပ်စွဲခံရသူ မင်းကင်းမြို့နယ် ပကဖတာဝန်ခံဦးညိုလွင်ကို ဆက်သွယ်နိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

 

တိုင်ကြားထားမှုအပေါ် ဆောင်ရွက်နေတဲ့အခြေအနေတွေကိုသိရှိနိုင်ဖို့ကိုတော့ NUG ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို CJ Platform က နှစ်ကြိမ်တိုင် ဆက်သွယ်မေးမြန်းခဲ့ပေးမယ့် ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းအချိန်ထိ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး၊၊

 

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ မြို့နယ်ပကဖ တာဝန်ခံ ဦးညိုလွင် နဲ့ မြောက်ချွန်ကျေးရွာ ရပ်ကျေး ပလဖတပ်ဖွဲ့ တာဝန်ခံ ကိုအိုက်နိုင်း ( ခ ) ကိုသိန်းတန်တို့ဟာ အမျိုးသမီးတွေအပေါ် အဓမ္မကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပြီး ကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှု မရသေးတာကြောင့် ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ်၊၊

 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့မှာတော့ မြောက်ချွန်းကျေးရွာပလဖရဲ့ အဓမ္မကျူးလွန်ခံရတဲ့ အမျိုးသမီးကို အိမ်ထောင်ရေး ဖောက်ပြန်သည့် ဖြစ်စဉ်ဟု စွပ်စွဲကာ မင်းကင်းမြို့နယ် ပလဖက မျိုးစောင့်ဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာဖြစ်ပြီး ကျူးလွန်သူ မြောက်ချွန်းကျေးရွာပလဖတာဝန်ခံကိုတော့ ဖမ်းဆီးထားခြင်းမရှိဘူးလို့ မျက်မြင်တွေ့ရှိသူတွေက ဆိုကြပါတယ်။

 

အလားတူဖြစ်စဉ်ဖြစ်တဲ့ မင်းကင်းမြို့နယ်ပကဖရဲ့ ကျူးလွန်ခြင်းကို ခံရတဲ့နစ်နာသူအမျိုးသမီးကတော့ တိမ်းရှောင်ထွက်ပြေး နေထိုင်နေရပြီး နစ်နာသူအမျိုးသမီးတွေအတွက် တရားမျှတမှုရရှိရေးအတွက်ကို ဒေသခံတွေက ဆန္ဒပြတောင်းဆိုမှုတွေ ရှိနေပါတယ်။

 

 

 

Related News

Depend on news