ကျိုက်ထီးရိုးစေတီမှာ ခရစ္စမတ်ပွဲတော်ကာလ ပိတ်ရက်တွေအတွင်း ခရီးသွားဝင်ရောက်မှု များပြားနေ

Author CJ Platform
Categories
Published on Dec 22, 2025

မွန်ပြည် ကျိုက်ထိုမြို့ ကျိုက်ထီးရိုးစေတီမှာ ခရစ္စမတ်ပွဲတော်ကာလ ပိတ်ရက်တွေအတွင်း ဘုရားဖူး ခရီးသွားတွေ ဝင်ရောက်မှုတွေ များပြားနေတယ်လို့ ဘုရားဖူးခရီးသွားတွေဆီက သိရပါတယ်။

 

ဘုရားရင်ပြင်တော်ရှိ တည်းခိုခန်းအများစုမှာ ခရီးသည်များအားလုံး ပြည့်နေပြီး ရန်ကုန်မြို့ကနေ တစ်ညအိပ် လာရောက် လည်ပတ်သူတွေ ပိုမိုများပြားတယ်လို့ သိရပါတယ်။

 

“အောင်မင်္ဂလာဂိတ်ကနေ ဒီကိုအရောက် အသွားအပြန်ဆို ၃၆၀၀၀ ကျတယ်၊ ရန်ကုန်ကနေ ညနေ ၂ နာရီခွဲထိ ကားရှိတယ်၊ စစ်တောင်းဂိတ်ကတော့ စစ်ဆေးရေးကြာတယ် ကျန်တာကတော့ ဘုရားဖူးအရမ်းများနေတော့ စစ်ဆေးတာ သိပ်မရှိဘူး”လို့ ရန်ကုန်မြို့ကနေ ဘုရားဖူးလာရောက်သူ တစ်ဦးက ပြောပါတယ်။

 

တည်းခိုဆောင်ဈေးနှုန်းတွေအဖြစ် နှစ်ယောက်ခန်း တစ်ခန်းကို ကျပ်လေးသောင်းကနေ တစ်သိန်းဝန်းကျင်အထိ ရှိသော်လည်း ဈေးသက်သာရာ တည်းခိုဆောင်တွေမှာသာ ဘုရားဖူးအများစု တည်းခိုကြတယ်လို့ သိရပါတယ်။

 

“ဘုရားဖူးများပေမယ့် ငွေသိပ်မသုံးနိုင်ကြဘူး၊ ဆိုင်တွေ အရင်လောက် သိပ်ရောင်းမကောင်းဘူး၊ အဓိက လက်ဆောင်ပစ္စည်းဆိုင်တွေဆိုရင် အရမ်းအရောင်းကျတယ်”လို့ ဘုရားဖူးယာဉ် ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

 

လက်ရှိမှာ ဘုရားဖူးဝင်ရောက်မှု များပြားနေပေမယ့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ဟာ ဒီဇင်ဘာ ၂၈ ရက်နေ့ဖြစ်တာကြောင့် နှစ်သစ်ကူးပွဲတော်ရက်တွေအတွင်း ဘုရားဖူးခရီးသွားတွေ သိသာစွာ နည်းပါးသွားနိုင်တယ်လို့ ဘုရားဖူးခရီးသည်ဝန်ဆောင်မှုတွေ လုပ်ဆောင်နေသူတွေက ပြောပါတယ်။

 

“ရွေးကောက်ပွဲရက်တွေကို လူတွေကြောက်နေကြတယ်၊ အဲဒီရက် လက်မှတ်တွေ မရောင်းရဘူး”လို့ ဘုရားဖူးယာဉ် ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

 

ဓာတ်ပုံ – CJ