ဝန်ကြီးဌာနများ အလှည့်ကျ ငါးဦးနှုန်းဖြင့် ပိုက်ဆံ သုံးသောင်းယူကာ ကျိုက်ထီးရိုးဘုရားဖူးသွားရမည်ဟု စစ်ကောင်စီညွှန်ကြား

Author ကိုပေါက်
Categories
Published on Oct 31, 2022

စစ်ကောင်စီလက်အောက်ရှိ ဝန်ကြီးဌာန ၄၀ နီးပါးမှ ဌာနတစ်ခုလျှင် ဝန်ထမ်းငါးဦး အလှည့်ကျ ကျိုက် ထီးရိုးဘုရားဖူး သွားရမည်ဟု စစ်ကောင်စီမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ညွှန်န်ကြားခဲ့သည်ဟု ဌာနဆိုင်ရာနှင့် နီးစပ်သူတွေဆီက သိရသည်။

ကျိုက်ထီးရိုးဘုရား တောင်ခြေရှိ ကင်ပွန်းစခန်း တောင်တက်ကားဂိတ်တွင် အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းကပစ်ခတ်မှုဖြစ်ပွားပြီးနောက် ခရီးသွားပြည်သူများ လာရောက်ခြင်းမရှိသည့်အတွက် တစ်ပါတ်အကြာတွင် ဝန်ကြီးဌာနများအား စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြားခဲ့တာဖြစ်သည်ဟု ဌာနဆိုင်ရာနှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“ခရီးသွားက မလာရဲတော့ဘူး စစ်ကောင်စီက နယ် မြေမစိုးမိုးနိုင်ဘူး အုပ်ချုပ်ရေးအာဏာ မသက် ရောက်ဘူးလို့ မြင်သွားတယ် ဒါကို စစ်တပ်ကမလိုချင်ဘူး ရတယ် အရပ်သားပြည်သူမလာရင် ဝန်ထမ်းတွေနဲ့ ဘုရားကိုလူစည်အောင်လုပ်မယ် ဒီသဘောနဲ့ညွှန် ကြားတာ”ဟု ပြောသည်။

ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ လွဲ၍ ကျန်ဝန်ကြီးဌာန ၄၀ နီးပါးမှ အလှည့်ကျ ဝန်ထမ်းငါးဦးဆီ ဘုရားဖူးခွင့်ပေးတာဖြစ်သည်ဟု လဝကဦးစီးဌာနမှ အမည်မဖော်လိုသူတစ်ဦးက CJ Platform ကိုပြောသည်။

“လဝကဝန်ကြီးဌာနမှာဆို ဌာနသုံးခုရှိတယ် ပြည်သူ့အင်အားဦးစီးဌာနရယ် အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနရယ် အမျိုးသား မှတ်ပုံတင်ရေးနှင့်နိုင်ငံသား ဦးစီးဌာနရယ် အဲ့ဌာန သုံးခုက ၁၅ ယောက် သွားရတယ် အခြားဝန်ကြီးဌာနတွေဆို ဌာနခွဲတွေများတော့ လူအများကြီးသွားရတယ်”ဟု ပြောသည်။

ကျိုက်ထီးရိုးဘုရားဖူး လာရောက်သည့် ဌာနဆိုင်ရာဝန်ထမ်းများကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနက လုံခြုံရေးယူပေးရပြီး ကရင်ပြည် နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် မြို့နယ်အာဏာပိုင်အဖွဲ့နှင့် ဂေါပကအဖွဲ့က နေရာထိုင်ခင်းစီစဥ် ပေးရသည်ဟု ထွေအုပ်ဝန်ထမ်းဟောင်းတစ်ဦးက CJ Platform ကိုပြောသည်။

“ကျိုက်ထီးရိုးမှာ ကြည့်လိုက်ရင် ကိုယ့်လူတွေချည်းပဲ ဝန်ထမ်းက ရုံးမှာမရှိဘဲနဲ့ ဘုရားကို အကုန်ရောက် နေတယ်ဝန်ထမ်းအချင်းချင်း ရန်ဖြစ်စကားများလို့ ရှင်းရတာလည်းရှိတယ်”ဟု ပြောသည်။

ကျိုက်ထီးရိုးဘုရားဖူးသွားရောက်သည့် ဝန်ထမ်းများမှာခွင့်သုံးရက်နှင့် ခရီးသွားလာစရိတ်သုံးသောင်းကျပ်ရရှိသည်ဟု ဝန်ထမ်းအသိုင်းအဝိုင်းက သိရသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့ကျိုက်ထီးရိုးဘုရား တောင်ခြေရှိ ကင်ပွန်းစခန်းတောင်တက်ကားဂိတ်တွင် အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းကပစ်ခတ်မှု့ဖြစ် ပွားပြီး အမျိုးသမီး ၃ဦးသေဆုံးပြီး ၁၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။