ငွေစက္ကူအတုများ လူမှုကွန်ရက်တွင် ပေါ်ပေါ်ထင်ထင် ရောင်းဝယ်နေသော်လည်း ဗဟိုဘဏ်က မစိုးရိမ်ရန် ထုတ်ပြန်

Author CJ Platform
Categories
Published on Dec 18, 2025

လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ငွေစက္ကူအတုတွေ ဖမ်းဆီးရမိတဲ့ သတင်းတွေနဲ့ ငွေတုရောင်းဝယ်ရေးတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပေမယ့် ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့ စစ်အုပ်စုလက်အောက်ခံ ဗဟိုဘဏ်က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

 

စစ်အုပ်စု ဗဟိုဘဏ်က ငွေစက္ကူအတုနှင့် အစစ် ခွဲခြားနိုင်မယ့်အချက်တွေကို အသိပေးထားပြီး၊ ငွေစက္ကူအတု လက်ဝယ်ရှိသူနဲ့ ထုတ်လုပ်သူတွေကို အရေးယူမယ်လို့ သတိပေးထားပါတယ်။

 

ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၁ အရ ငွေစက္ကူအတုကို အတုမှန်းသိလျက်နဲ့ သုံးစွဲခြင်းမပြုဖို့နဲ့ ကျူးလွန်ပါက ငွေဒဏ် ၊ ၃နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဒဏ် ၂ ရပ်လုံးလည်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။

 

ငွေစက္ကူ အတုပြုလုပ်ခြင်း ၊ တင်သွင်းခြင်း ၊ တင်ပို့ခြင်းတားမြစ်ချက် ပုဒ်မ ၁၀၂ ကိုဖောက်ဖျက်ရင်တော့ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

 

ဗဟိုဘဏ်က မစိုးရိမ်ဖို့ ထုတ်ပြန်ထားပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေးကျဆင်းမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်လာနေပြီး ငွေအတု သုံးစွဲမှုတွေလည်း တစ်နေ့တခြား များပြားလာတာတွေလည်းရှိနေပါတယ်။

 

လက်တွေ့မှာ လူမှုကွန်ရက်တွေဖြစ်တဲ့ Facebook, TikTok နှင့် Telegramတို့မှာ “ငွေတုရောင်းဝယ်ရေး” ဆိုတဲ့ အမည်အမျိုးမျိုးနဲ့ အကောင့်များစွာရှိနေပါတယ်။ ရောင်းချသူတွေက ငွေကျပ်သောင်းဂဏန်းပေးရုံဖြင့် သိန်းဂဏန်း ၊ သိန်းဂဏန်းပေးရုံဖြင့် ဆယ်ချီတဲ့ငွေတုတွေကို ပြန်လည်ရရှိနိုင်မယ်လို့ ဆိုထားကြသလို Wave Money ၊ Kpay တို့ဖြင့်လည်း လဲလှယ်ဝယ်ယူနိုင်ကြောင်း ၊ အိမ်ရောက်ငွေချေစနစ်ဖြင့် အမှန်တကယ် ရောင်းဝယ်တယ်ဆိုတဲ့အကြောင်းတွေ ပေါ်ပေါ်ထင်ထင် ရောင်းဝယ်နေတာတွေ ရှိနေပါတယ်။

 

ငွေတုရောင်းချနေတဲ့ဈေးကွက်မှာလည်း အမှန်တကယ်ရောင်းဝယ်ရေး ပြုလုပ်နေသူနဲ့ ငွေတုရောင်းဝယ်ရေးဆိုကာ ငွေကြေးလိမ်လည်အကောင့်တွေရှိကြောင်းကိုလည်းတွေ့မြင်ရပြီး အဲဒီ ငွေစက္ကူတုတွေကို အရင်က မိတ္တူကူးစက်တွေနဲ့သာ လုပ်ဆောင်ခဲ့ပေမယ့် အခုနောက်ပိုင်း ငွေစက္ကူအတု ထုတ်လုပ်ဖို့ သီးသန့်ပြုလုပ်ထားတဲ့ စက်တွေပါ ထွက်ပေါ်လာနေခဲ့တယ်လို့ လူမှုကွန်ရက်တွေမှာ ဖော်ပြထားပါတယ်။

 

ငွေတုသုံးစွဲမှုတွေကို ဖမ်းဆီးမှုအနေနဲ့ စက်တင်ဘာ ၁၁ ရက်နေ့က မွန်ပြည်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာမှာ ငွေတုထုတ်စက်တွေနဲ့ ပိုက်ဆံထုတ်ယူ သုံးစွဲနေတဲ့ အမျိုးသမီးတစ်ဦးကို စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း စစ်အုပ်စုရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

အခုလို စစ်အုပ်စုဘက်က ငွေတုတွေနဲ့ပတ်သက်ပြီးမစိုးရိမ်ဖို့ထုတ်ပြန်ပေမယ့်လည်း မြေပြင်မှာ ငွေစက္ကူအတုတွေ ပြန့်နှံ့နေမှုမှာ ပြည်သူတွေအတွက် စိုးရိမ်စရာ အခြေအနေတစ်ခု ဖြစ်နေဆဲဖြစ်ပါတယ်။

 

ငွေစက္ကူအတုနဲ့ပက်သက်ပြီး ရန်ကုန်မြို့ရဲ့  ကမ္ဘောဇဘဏ် မြောက်ဒဂုံဘဏ်ခွဲမှာ ဇူလိုင်လ ၃၀ ရက်နေ့က  ငွေထုတ်ယူခဲ့သူ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးရဲ့  ငွေစက္ကူပါကင်ထုပ်အတွင်း ငွေအတုတွေ ရောနှောပါဝင်ခဲ့တဲ့ ဖြစ်စဉ်ကြောင့်လည်း  ဘဏ်ရဲ့ လုပ်ဆောင်ချက်အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါသေးတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းကလည်း စစ်ကိုင်းတိုင်း၊ပုလဲ မြို့နယ် အခြေစိုက် Royal Eagle တပ်ဖွဲ့က High Class Express မော်တော်ယာဉ်ပေါ်မှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၅၀ ရွက်နှင့်အတူ ငွေတုထုတ်လုပ်ရန် ရည်ရွယ်သည့် မိတ္တူစက်များကို Royal Eagle တပ်ဖွဲ့က စစ်ဆေးတွေ့ရှိကာ သိမ်းဆည်းရမိခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။