ကျားဖြန့်နှိမ်နင်းရေး အမေရိကန် ပါဝင်လာချိန် တရုတ်က ထိုင်း-မြန်မာနယ်စပ်ကို ပိုမိုအာရုံစိုက်လာ
အရှေ့တောင်အာရှနိုင်ငံတွေထဲက အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေကို စစ်ဆင်ရေးဖော်ဆောင်ကာ နှိမ်နင်းမယ်လို့ အမေရိကန်က ထုတ်ပြန်ပြီး တစ်လခန့်အကြာမှာ တရုတ်ကလည်း ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်နှိမ်နင်းရေးတွေကို ပိုမိုအာရုံစိုက်လာပါတယ်။

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လျှိုကျုံးရီဟာ မနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ကို ရောက်ရှိလာပြီး ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်မှာ ကရင်ပြည် မြဝတီမြို့ကို ရောက်ရှိနေတယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်က မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့မှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ အမေရိကန်အစိုးရက Scam Center Strike Force ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း တရုတ်အစိုးရဘက်ကလည်း ပိုမိုအာရုံစိုက်လာတာ ဖြစ်သလို တရုတ်အစိုးရ ထိပ်ပိုင်းတာဝန်ရှိသူကလည်း ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့ တရုတ်ဘက်က ပြောဆိုလာတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်ကလည်း တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ ပါဝင်တဲ့ ကျားဖြန့် ပူးတွဲတိုက်ဖျက်ရေး ဝန်ကြီးအဆင့် အစည်းအဝေးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ကျင်းပခဲ့သလို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကိုလည်း ဒေသတွင်း ၆ နိုင်ငံနဲ့အတူ ပူးတွဲနှိမ်နင်းသွားမယ်လို့ တရုတ်ဘက်က ပြောကြားခဲ့တာပါ။
အမေရိကန်အစိုးရကလည်း ကျားဖြန့်ဂိုဏ်းတွေကြောင့် သူတို့နိုင်ငံသားတွေရဲ့ ငွေကြေး ထိခိုက်နစ်နာဆုံးရှုံးမှုတွေ ရှိနေလို့ ပြောဆိုမှုတွေ ရှိခဲ့သလို အခု ဒီဇင်ဘာ ၂ ရက်ကလည်း ကျောက်ခေတ်ရွာအနီးမှာရှိတဲ့ တိုင်ချန် (Tai Chang) ကျားဖြန့်ဂိုဏ်းတွေ အသုံးပြုတဲ့ ဝက်ဘ်ဆိုက်နှစ်ခုကို အမေရိကန် အွန်လိုင်း ငွေလိမ်စင်တာ နှိမ်နင်းရေးတပ်ဖွဲ့ (SCSF) က ပိတ်သိမ်းခဲ့ပါသေးတယ်။
အင်အားကြီး အမေရိကန်နဲ့ တရုတ်တို့က မြန်မာ အပါအဝင် အရှေ့တောင်အာရှတွင်းက ကျားဖြန့်ဂိုဏ်းကို နှိမ်နင်းဖို့ ပိုမိုအာရုံစိုက်လာချိန် စစ်ကော်မရှင်ကလည်း မြဝတီမြို့အနီးမှာရှိတဲ့ KK Park နဲ့ ရွှေကုက္ကိုတို့ထဲက ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းမှုတွေ လုပ်ဆောင်နေသလို မနေ့ ဒီဇင်ဘာ ၁၄ ရက်ကလည်း ကျားဖြန့်နှိမ်နင်းရေးနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်လာပါတယ်။
ဒါဟာ ကျားဖြန့်နှိမ်နင်းရေးအတွက် တရုတ်အထူးကိုယ်စားလှယ် မြဝတီမြို့ကို ရောက်ရှိနေချိန် စစ်ကော်မရှင်ကလည်း သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း အပါအဝင် စစ်အုပ်စု ထိပ်ပိုင်းတာဝန်ရှိသူ ၁၀ ဦးတို့ တက်ရောက်ခဲ့သလို နယ်စပ်ဒေသတွေမှာ ရှိနေတဲ့ ကျားဖြန့်ဂိုဏ်းတွေကနေ စစ်အုပ်စုက အကျိုးအမြတ် တစ်စုံတစ်ရာ မရရှိခဲ့ဘူးလို့ ပြောဆိုထားပါတယ်။
စစ်အုပ်စု လက်အောက်ခံ BGF နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တို့ အကာအကွယ်ပေးထားတဲ့ နယ်စပ်ဒေသက ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းမှု မလုပ်ဆောင်မီ ကျားဖြန့်ခေါင်းဆောင်တွေကို စစ်အုပ်စုနဲ့ BGF တို့က နေရာရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သလို သိမ်းဆည်းရမိတဲ့ ကျားဖြန့် ဆက်စပ်ပစ္စည်းတွေကိုလည်း သက်သေခံ ဖျောက်ဖျက်ပစ်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
ကျားဖြန့်နှိမ်နင်းရေးမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ပါဝင်လာပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်က DKBA ထိန်းချုပ်ထားတဲ့ မင်းလက်ပံရွာအနီးက ရွှန်ဒါပက်ခ် အဆောက်အအုံကို ဝင်ရောက်စီးနင်းချိန် ကျားဖြန့်လုပ်ကိုင်သူ နိုင်ငံခြားသား ၃၅၀၀ ကျော်ကို ကျားဖြန့် ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရရှိခဲ့ပါသေးတယ်။ ဒါ့အပြင် ကွန်ပျူတာ၊ ဖုန်းနဲ့ သက်သေခံပစ္စည်းတွေကို နိုင်ငံတကာ အဖွဲ့အစည်း တာဝန်ရှိသူတွေထံ ပေးအပ်ထားပြီး ကျားဖြန့်နှိမ်နင်းရေးအတွက် နိုင်ငံတကာအနေနဲ့လည်း အကူအညီပေးဖို့ တောင်းဆိုထားပါတယ်။
ဓာတ်ပုံ – အောင်အောင်
ပုံစာ – တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လျှိုကျုံးရီ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိလာစဉ်
