စစ်အုပ်စု တပ်စွဲထားတဲ့ ရွှေဘိုမြို့လယ်အထိ တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်ကာ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်


စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ပေါ်က လူစည်ကားရာ နေရာတွေမှာ တော်လှန်ရေးအင်အားစုတွေက ဒီကနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နေ့လယ် ၁၂ နာရီအချိန်မှာ စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

 

အဲဒီ ဆန့်ကျင်လှုပ်ရှားမှုကို မြို့ပေါ် လူစည်ကားရာ နေရာတွေဖြစ်တဲ့ အဝေးပြေးကားကြီးဝင်း အနီးက တံတားပေါ်၊ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ရုပ်ထုရှေ့၊ အလက-၁ ကျောင်းမျက်နှာချင်းဆိုင် စိုက်ပျိုးရေးရုံးရှေ့နဲ့ ရွှေဘို-ရေဦးလမ်းထိပ် နေရာတွေမှာ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO) နဲ့ တိုက်နယ် (၅) ပကဖ အဖွဲ့တို့မှ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

ရွှေဘိုမြို့ပေါ်မှာ တော်လှန်ရေးတပ်တွေ ပြုလုပ်ခဲ့တဲ့ လှုပ်ရှားမှုအတွင်းမှာ စစ်ကော်မရှင်ရဲ့ တရားမဝင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ဗီနိုင်းတွေ ချိတ်ဆွဲတာ၊ လက်ကမ်းစာစောင်တွေ မျှဝေတာနဲ့  အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကဗျာတွေကို ရွတ်ဖတ်ပြီး နှိုးဆော်ခြင်းတွေကို ပြုလုပ်ခဲ့ကြပါတယ်။

 

စစ်အုပ်စုအနေနဲ့ အတုအယောင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုံခြုံရေး တင်းကြပ်စွာ ထားရှိသည့်ကြားမှာ တော်လှန်ရေးတပ်သားတွေဟာ ခုလို ရွှေဘိုမြို့ပေါ်က လူစည်ကားရာ နေရာတွေအထိ ဗီနိုင်းတွေ လာရောက် ချိတ်ဆွဲ နှိုးဆော်ခဲ့တာကို စစ်အုပ်စုက အော်ဟစ်ဆဲဆိုပြီး ဗီနိုင်းတွေကို လာရောက် ဖျက်ဆီးသွားတယ်လို့လည်း သိရပါတယ်။