သံဃာသမဂ္ဂ(မန္တလေး)မှ ဆရာတော်အပါအ၀င် မန္တလေးသပိတ်အင်အားစုမှ ငါးဦးအား တစ်ရက်အတွင်း ဖမ်းဆီးခံရ

Author လင်းခိုင်
Categories
Published on Oct 31, 2022

သံဃာသမဂ္ဂ(မန္တလေး) မှ ဦးဆောင်ဆရာတော် ဦးကလျာဏ(ယောကြီး) အပါအ၀င် မန္တလေးသပိတ်အင်အားစု ငါးဦးအား ဖက်ဆစ် စစ်တပ်မှ အောက်တိုဘာ ၃၀ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများသည် ဦးကလျာဏ၊ မန္တလေးသပိတ်အင်အားစုမှ သပိတ်တက်ကြွလှုပ်ရှားသူ တက္ကသိုလ် ကျောင်းသားလူငယ်များဖြစ်သည့် ကိုပိုင်နွေဦး၊ ကိုဥက်(ခ) ကိုကောင်းခန့်ဇော်၊ ကိုနေရဲ၊ ကိုဟိန်းမောင်တို့ဖြစ်ကြောင်း သံဃာသမဂ္ဂ(မန္တလေး)က ယနေ့တွင် ထုတ်ပြန်ထားသည်။

မန္တလေးသပိတ်အင်းအားစုမှ ကျောင်းသားလူငယ်များ ဖမ်းဆီးခံရမှုတွင် ဖက်ဆစ် စစ်တပ်သည် ကားဖြင့်တိုက်ဖမ်းခြင်း၊ အတင်းရိုက်နှပ်ထိုးကြိတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆရာတော် ဦးကလျာဏ(ယောကြီး) အပါအ၀င် အဓမ္မဖမ်းဆီးခံခဲ့ရသူအားလုံးသည် ကျန်းမာရေးနှင့် အသက်အန္တရာယ် ထိခိုက်ယိုယွင်းမှု တစုံတရာ ဖြစ်ပေါ်ပါက ဖက်ဆစ် စစ်တပ် အုပ်စုသည်သာ တာ၀န်ခံ၊ တာ၀န်ယူရမည်ဟု ဆိုထားသည်။

ဖက်ဆစ် စစ်တပ် အာဏာသိမ်းအုပ်စုသည် အတိုင်းအဆမရှိ အင်အားသုံး၊ ရက်စက်ယုတ်မာပြီး ပြည်သူ့ တော်လှန်ရေးကြီးကို ဖိနှိပ်ဖြိုခွဲသော်လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ အာဏာရှင်စနစ်ဟူသမျှ ကျဆုံးရေးတို့အတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။

Related News

Depend on news