အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ် ၄၀၀ ကျော်အထိ စစ်အုပ်စုကျူးလွန်ခဲ့ပြီး သေဆုံးသူ ၄၅၀၀ နီးပါး ရှိ

Author CJ Platform
Categories
Published on Dec 12, 2025

အာဏာသိမ်းပြီးနောက် စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် ငါးနှစ်တာ ကာလအတွင်း ငါးဦးနဲ့အထက် အစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်စဉ် ၄၁၇ ကြိမ်ထိ ရှိခဲ့ပြီး ဒီဖြစ်စဉ်အတွင်း သေဆုံးသူ ၄၄၆၃ ဦးအထိ ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အခု ၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေထဲမှာ ချောင်းဦးမြို့နယ် ဘုံတိုရွာမှာ ပြည်သူ ၄၀ ထက်မနည်း သေဆုံးတာကြောင့် အများဆုံး ဖြစ်ခဲ့ပြီး အခုလ ဒီဇင်ဘာ ၁၀ ရက် ညပိုင်းက ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံ ဗုံးကြဲခံရမှုဖြစ်စဉ်မှာ သေဆုံးခဲ့သူ ၃၃ ဦး ရှိခဲ့တဲ့အတွက် ဒုတိယ အများဆုံး ဖြစ်ခဲ့ပါတယ်။

 

အစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်စဉ်အများစုဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး ဖြစ်ပွားခဲ့တာဖြစ်ပြီး ငါးနှစ်တာ ကာလအတွင်း ၁၀ ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သေဆုံးခဲ့သူ အားလုံးရဲ့ ၅၉ ရာခိုင်နှုန်းခန့်ဟာ လေကြောင်း တိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ ဒီဇင်ဘာ ၉ ရက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

စစ်အုပ်စုရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး NUG နဲ့ မြန်မာနိုင်ငံ တာဝန်ခံမှု စီမံကိန်း (Myanmar Accountability Project – MAP) တို့ ပူးပေါင်းကာ သက်သေအထောက်အထား အချက်အလက်တွေ စုဆောင်းကောက်ယူခဲ့ပြီး တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က အစိုးရ ရှေ့နေချုပ်ရုံးဆီ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်က တင်ပြခဲ့ပါသေးတယ်။

 

အစ္စတန်ဘူလ် တရားရုံးဟာ ကမ္ဘာ့လုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ကို ၂၀၂၂ ခုနှစ်ကတည်းက အကောင်အထည်ဖော် လုပ်ဆောင်နေတာဖြစ်ပြီး NUG နဲ့ MAP တို့က စစ်အုပ်စုရဲ့ အကြမ်းဖက် ကျူးလွန်မှုတွေကို အရေးယူဖို့ သက်သေအထောက်အထားတွေနဲ့ တင်ပြထားတာ ဖြစ်ပါတယ်။

 

NUG လူ့အခွင့်အရေးဌာနနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ စစ်အုပ်စုရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်စဉ်ဟာ အခု ၂၀၂၅ ခုနှစ်အတွင်းမှာပဲ အကြိမ် ၂၀ ကျော်ထိ ရှိခဲ့ပြီး ဒီဖြစ်စဉ်အတွင်း သေဆုံးသူ ၃၅၀ ကျော် ရှိခဲ့ပါတယ်။

 

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (EROs) တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ မလည်နိုင်စေဖို့နဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို EROs တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့က အကာအကွယ် မပေးနိုင်ဖို့ ရည်ရွယ်ကာ တိုက်ခိုက်နေတာလည်း ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

 

ISP Myanmar ရဲ့ ဒီဇင်ဘာ ၉ ရက်နေ့ထုတ် အစီရင်ခံစာထဲမှာ ၁၀ ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်တွေအနက် စစ်အုပ်စုအပြင် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ကျူးလွန်မှု ၄ ကြိမ် ရှိခဲ့ပြီး ဒီဖြစ်စဉ်အတွင်း ပြည်သူ ၈၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကျူးလွန်ခဲ့တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့တွေ ပါဝင်တယ်ဆိုတာကိုတော့ ISP Myanmar ရဲ့ အစီရင်ခံစာမှာ မဖော်ပြထားပါဘူး။

 

ဓာတ်ပုံ – ကိုဝေဟင်အောင်

ပုံစာ – မြောက်ဦးဆေးရုံကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရပုံ

 

Related News

Depend on news