ငလျင်နောက်ဆက်တွဲ ပြန်လည်ထိန်းသိမ်းရေး အားနည်းချက်ကြောင့် ရှေးဟောင်းအမွေအနှစ်တွေ ပျောက်ဆုံးပြီး မှောင်ခိုကူးခံနေရ
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင် နောက်ပိုင်း ပြိုကျပျက်စီးခဲ့တဲ့ ရှေးဟောင်း အဆောက်အအုံတွေ၊ အမွေအနှစ်တွေဟာ တာဝန်ရှိသူတွေရဲ့ ပြန်လည်ထိန်းသိမ်းရေး အားနည်းချက်တွေကြောင့် လုံးဝပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့သလို မှောင်ခိုကူးခံရမှုတွေလည်း ရှိနေတယ်လို့ ရှေးဟောင်းသုတေသန ပညာရှင်တွေထံက သိရပါတယ်။
စစ်ကိုင်းငလျင် နောက်ဆက်တွဲ ပြန်လည်ပြုပြင်ထိန်းသိမ်းရေး အားနည်းချက်တွေ၊ ရှေးဟောင်းမှောင်ခို လုပ်ကိုင်သူတွေကြောင့် ရှေးဟောင်းကျောင်းဆောင်တွေ၊ ရှေးဟောင်းဘုရားတွေ လုံးဝ ပျက်စီးဆုံးရှုံးသွားတာ၊ လုံးဝ ဖယ်ရှားခံလိုက်ရတာတွေလည်း ရှိနေတယ်လို့ ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းရေးပညာရှင် ကိုဇေမျိုးလင်းက ပြောပါတယ်။
“ရှေးဟောင်းကျောင်းဆောင် တစ်ဆောင်လုံး ပျောက်သွားတာမျိုး၊ ရှေးဘုရားတစ်ဆူလုံး အစန မကျန်တော့တာမျိုးတွေက လူသိရှင်ကြားရော မသိမသာရော လူမှုကွန်ရက် စာမျက်နှာတွေပေါ် တွေ့နေရတာ ကြာပါပြီ။ လူသိများ ထင်ပေါ်ကျော်ကြားတဲ့ ရှေးဟောင်းအဆောက်အအုံတွေလောက်သာ ဖြိုမချ-ဖျက်မချဘဲ အချိန်ကောင်း စောင့်နေကြဟန်တူတယ်။ ဥပမာ မန္တလေးက မင်းထင်ကျောင်းလိုမျိုး” လို့ ကိုဇေမျိုးလင်းက CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် နှစ်ပေါင်း ၃၀၀ ခန့် ရှိနေပြီဖြစ်တဲ့ စစ်ကိုင်းမြို့ သောတပန်ရပ်ကွက်က လေးကျွန်းမာန်အောင်ဘုရား ထိခိုက်ပျက်စီးမှု ရှိခဲ့ပေမဲ့ ပြန်လည်ပြုပြင် ထိန်းသိမ်းရမယ့်အစား အလုံးစုံ ဖျက်ဆီးခံလိုက်ရတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေးဟောင်းသုတေသန ပညာရှင်တစ်ဦးက ပြောပါတယ်။
“စစ်ကိုင်း သောတပန်ရပ်ကွက်မှာ လေးကျွန်းမာန်အောင်ဘုရား ဆိုတာ ရှိတယ်။ ၁၇၂၅ ခုနှစ်က တည်ထားခဲ့တာ။ အဲ့ဘုရားဆိုရင် ငလျင်ဒဏ်ကြောင့် ထိခိုက်မှု ရှိတယ်။ ဒါပေမဲ့ အဲ့ထိခိုက်မှုက ပြန်ပြင်လို့ရတယ်။ ဒါပေမဲ့ အလှူရှင်အသစ်က တစ်ဆူလုံးပဲ ပြန်ပြီးတည်ချင်တော့ အကုန်လုံးကို သူတို့က ရှင်းပစ်လိုက်ရော။ နှစ် ၃၀၀ ကြာတဲ့ အမွေအနှစ်က ပျက်စီးပျောက်ဆုံးသွားတယ်” လို့ ရှေးဟောင်းသုတေသန ပညာရှင်က ပြောပါတယ်။
ဒါ့အပြင် ရှေးဟောင်းပစ္စည်း မှောင်ခို လုပ်ကိုင်နေသူတွေကြောင့်လည်း ဆုံးရှုံးပျောက်ဆုံးသွားတာတွေ ရှိတယ်လို့ သိရပါတယ်။ ငလျင်ဒဏ် ဆိုးဆိုးရွားရွား ထိခိုက်ကြုံတွေ့ခဲ့ရတဲ့ မန္တလေး မစိုးရိမ်တိုက်မှာရှိတဲ့ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံထဲက ပရိဘောဂပစ္စည်းတွေကို မှောင်ခို လုပ်ကိုင်သူတွေက ကျပ်ငွေ သိန်း ၂၀ ကနေ သိန်း ၂၀၀ အထိ ပေးဝယ်ပြီး ပြည်ပကို ခိုးထုတ်နေတာတွေ ရှိတယ်လို့ သိရပါတယ်။
“မစိုးရိမ်ကျောင်းတိုက်ထဲမှာလည်း ဘုန်းကြီးကျောင်းပေါင်း ၁၆ ကျောင်းလား ရှိတယ်။ အဲ့ထဲမှာ အလယ်တိုက်လေး သေးသေးလေးတစ်ခုကိုပဲ ချန်ထားပြီးတော့ အားလုံးကို အပြောင်းရှင်းသွားပြီ။ ကျွန်မတို့ သွားကြည့်တဲ့အချိန် မြေပြင်အပြောင်၊ တမံသလင်း ဖြစ်သွားတယ်။ အဲ့မှာ အင်္ဂလိပ်လက်ထက်က Highest Quality ကျွန်းထုတ်လုပ်ရေး နည်းပညာတွေနဲ့ ထုတ်ထားတဲ့ ကျွန်းပြားကြီးတွေနဲ့ တည်ဆောက်ထားတဲ့ ဒီလက်ရာတွေ အကုန်လုံးကို သိမ်းသွားတယ်” လို့ ရှေးသုပညာရှင်က ပြောပါတယ်။
ဒီလို အမွေအနှစ်ဆိုင်ရာ ပစ္စည်းတွေ ပျောက်ပျက်ဆုံးရှုံးမှုတွေဟာ မစိုးရိမ်ကျောင်းတိုက် တစ်ခုထဲတင်မဟုတ်ဘဲ ရှေးဟောင်းအမွေအနှစ် ပစ္စည်းတွေရှိရာ ဘုန်းတော်ကြီးကျောင်းတွေ စာသင်တိုက်တွေက အမွေအနှစ်ပါ ဆုံးရှုံးနေရပြီး ဒါဟာ ရှေးဟောင်းပစ္စည်း ရှေးဟောင်းအဆောက်အအုံ ကာကွယ်ရေးဆိုင်ရာ ဥပဒေ အသက်မဝင်တာကြောင့် ဖြစ်တယ်လို့ ကိုဇေမျိုးလင်းကလည်း သုံးသပ်ပြောပါတယ်။
“အဲ့လို ပျဉ်ချပ်တွေကို မှောင်ခိုသမားတွေက စုထားပြီး နောက်ပိုင်းမှာ ပန်းပုထုပြီး ရှေးဟောင်းပစ္စည်းဆိုပြီး ရောင်းတာမျိုးတွေလည်း ရှိတယ်။ သစ်သားကတော့ နှစ်သက်တမ်း ကြာပြီ၊ Carbon Dating တွေနဲ့ ပြန်စစ်ရင်တော့ သစ်သားကတော့ နှစ်သက်တမ်း ကြာတာကို တွေ့ရမှာပဲ။ ဒါပေမဲ့ ပန်းပုရုပ်ကတော့ ရှေးဟောင်း မဟုတ်ဘူးပေါ့။ အဲသလိုမျိုး” လို့ ရှေးဟောင်းအမွေအနှစ်တွေကို လေ့လာနေသူတစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။
ငလျင်ကြောင့် အင်းဝမြို့က ရှေးဟောင်း အဆောက်အအုံ ၉၀၀ ဝန်းကျင် ထိခိုက်ပျက်စီးခဲ့သလို ပင်းယ၊ မန္တလေး၊ ပုလိပ်၊ မြင်းစိုင်းနဲ့ တခြားဒေသတွေက အဆောက်အအုံတွေကလည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ချိန် ငလျင်နောက်ဆက်တွဲ ပြန်လည်တုံ့ပြန်မှု အားနည်းချက်တွေကြောင့် အမွေအနှစ် ဆုံးရှုံးမှုဟာ ပိုမိုဆိုးရွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရှေးဟောင်းအမွေအနှစ်ဇုန် နေရာတွေမှာရှိနေတဲ့ ဒေသခံပြည်သူတွေနဲ့ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း အမွေအနှစ် တန်ဖိုးအကြောင်းအရာနဲ့ ပတ်သက်ပြီး တန်ဖိုးထား နားလည်မှု အားနည်းကြတာကြောင့် ရှေးဟောင်းမှောင်ခို လုပ်ကိုင်သူတွေအတွက် အခွင့်အလမ်းတစ်ခုလို ဖြစ်နေတယ်လို့ ဆိုပါတယ်။
“နိုင်ငံရေး မတည်ငြိမ်လိုက်တာနဲ့၊ ဥပဒေစိုးမိုးမှု အားနည်းသွားတာနဲ့ ရှေးဟောင်းမှောင်ခိုသမားတွေက ဒါကို အခွင့်ကောင်း ယူနေတာ။ ရှေးဟောင်းပြတိုက်တွေထဲမှာ ထားတဲ့ အမွေအနှစ်ဆိုရင် နိုင်ငံရေး မတည်ငြိမ်လိုက်တာနဲ့ အခိုးခံရမှာပဲ။ နောက်တစ်ခုက လွိုင်ကော်၊ လားရှိုးပြတိုက်လည်း ဟောင်းလောင်းပဲ။ ဘာမှ မရှိတော့ဘူး” လို့ ရှေးသုပညာရှင်က ပြောပါတယ်။
ငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ ရှေးဟောင်း အဆောက်အအုံ အများစုဟာ ကုန်းဘောင်ခေတ် နှောင်းပိုင်းကတည်းက ရှိခဲ့တာဖြစ်ပြီး ယူနက်စကို ပဏာမစာရင်းဝင်အဖြစ် သတ်မှတ်ထားတဲ့ မြင်းဝန်ကျောင်း အပါအဝင် အခြား အဆောက်အအုံတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ မစိုးရိမ်နာရီစင် အဆောက်အအုံ အပါအဝင် ရှေးဟောင်း အဆောက်အအုံတွေကို ဖြိုချဖျက်ဆီးတာမှာ ရှေးဟောင်းသုတေသနအဖွဲ့နဲ့ ပညာရှင်တွေရဲ့ အကြံဉာဏ် တောင်းခံတာ၊ အကြံပြုချက်တွေ ရယူတာမျိုး မရှိဘဲ ဖြိုချဖျက်ဆီးနေတာကို ဒေသဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အလေးထားဖို့ လိုအပ်တယ်လို့ ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ရှေးဟောင်း အဆောက်အအုံနဲ့ နှစ်သက်တမ်းကြာတဲ့ အမွေအနှစ်ဆိုင်ရာ ဌာပနာပစ္စည်းတွေ၊ ရွှေဆင်းတု၊ ငွေဆင်းတု၊ ကြေးဆင်းတု၊ ကျောက်သံပတ္တမြား စတဲ့ ခေတ်အဆက်ဆက် လက်ရာတွေ ပျက်စီးဆုံးရှုံးမှုကို စာရင်းပြုစုထားမှု အားနည်းသလို မှောင်ခိုလုပ်ကိုင်သူတွေကြောင့် ပျောက်ဆုံးသွားတဲ့ စာရင်းတွေကိုလည်း ပြုစုထားတာမျိုး မရှိတာကြောင့် အမွေအနှစ်ဆိုင်ရာ ဆုံးရှုံးမှုကြီးတွေလည်း ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းငလျင်ကြောင့် ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံတွေ ဆုံးရှုံးမှု ကျပ်သန်းပေါင်း ၇၁၁၇၈၉ ဒသမ ၄၁၃ အထိ ဆုံးရှုံးခဲ့တယ်လို့ စစ်အုပ်စုက ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်မှာ ထုတ်ပြန်ထားပေမဲ့ ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ ဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး သီးခြားထုတ်ပြန်ထားတာ မရှိပါဘူး။ ရှေးဟောင်းသုတေသန ပညာရှင်တွေက ပြောဆိုမှုအရ ငလျင်ကြောင့် ရှေးဟောင်း အဆောက်အအုံ ၁၄၀၀ ဝန်းကျင်ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
