အာဆီယံအနေနဲ့ စစ်အုပ်စုအပေါ် ပိုမိုပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့  NUG တိုက်တွန်း

Author CJ Platform
Categories
Published on May 12, 2026

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးက ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီကနေ့ မေလ ၁၂ ရက်မှာ သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ကာ အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ ပိုမိုပြတ်သားတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

 

ထုတ်ပြန်ချက်မှာ NUG အနေနဲ့ အာဆီယံထိပ်သီးအစည်းအဝေးရဲ့ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေအပေါ် ရှုတ်ချချက်ကို ကြိုဆိုသော်လည်း အရပ်သားတွေအပေါ် လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေမှုတွေကို ရပ်တန့်စေဖို့အတွက် ရှင်းလင်းပြတ်သားတဲ့ အချိန်ကာလသတ်မှတ်ချက်၊ တိကျစွာပါဝင်တဲ့ စံသတ်မှတ်ချက်တွေနဲ့ အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးရေး တောင်းဆိုချက်ကို လက်တွေ့ကျကျ ချမှတ်ပေးဖို့ တိုက်တွန်းထားပါတယ်။

 

စစ်အုပ်စုက ပြုလုပ်ခဲ့တဲ့ တစ်ဖက်သတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့လည်း လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ရှိနေပြီး နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ခြင်းမရှိတဲ့ အခြေအနေမျိုးမှာ ပြုလုပ်ခဲ့တဲ့ မည်သည့်ရွေးကောက်ပွဲမဆို ဒီမိုကရေစီနည်းကျ တရားဝင်မှုနှင့် ပြည်သူ့ကိုယ်စားပြုမှု လုံးဝမရှိကြောင်း NUG က အလေးအနက် ပြောကြားထားပါတယ်။

 

ဒါကြောင့် အာဆီယံရဲ့ ကိုယ်ပိုင်မူဝါဒစံနှုန်းတွေအရ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အားလုံးပါဝင်နိုင်ပြီး ယုံကြည်စိတ်ချရမှုရှိစေဖို့ လိုအပ်တာကြောင့် စစ်အုပ်စုရဲ့ တစ်ဖက်သတ်လုပ်ငန်းစဉ်တွေကို အသိအမှတ်မပြုဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

 

လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ရာမှာလည်း စစ်အုပ်စုက ထိန်းချုပ်ထားတဲ့ ယန္တရားတွေမှတစ်ဆင့် ပေးအပ်ခြင်းဟာ နိုင်ငံရေးအမြတ်ထုတ်ခံရနိုင်တာကြောင့် နယ်မြေအများစုကို စီမံအုပ်ချုပ်နေတဲ့ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) နဲ့ တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်တယ်လို့လည်း ထောက်ပြထားပါတယ်။

 

ဒါ့အပြင်  နိုင်ငံရေးအကျဉ်းသားအချို့ လွှတ်ပေးမှုအပေါ် အာဆီယံရဲ့ မှတ်သားချက်ဟာ လုံလောက်မှုမရှိသေးဘဲ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အခြေအနေဟာ အတည်မပြုနိုင်သေးတဲ့ အခြေအနေမှာ ရှိနေကြောင်း၊ ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာစေဖို့အတွက် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

NUG အနေဖြင့် ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်လာရေးအတွက် ခိုင်မာစွာ သန္နိဋ္ဌာန်ချမှတ်ထားပြီး ဒေသတွင်း တည်ငြိမ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရေးနဲ့ မြန်မာပြည်သူတွေရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ရေးလို့ဆိုတဲ့ ဘုံရည်မှန်းချက်တွေကို ဖော်ဆောင်နိုင်စေဖို့ အာဆီယံဥက္ကဋ္ဌ၊ အာဆီယံ ၃ နိုင်ငံ တွဲဖက်အဖွဲ့ (Troika)၊ အာဆီယံအထူးကိုယ်စားလှယ်၊ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေအားလုံးနဲ့ အပြုသဘောဆောင်စွာ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။