မြန်မာမှာ အနော်ရထာ၊ ကျန်စစ်သား၊ အလောင်းဘုရားတို့ ရှိတာကြောင့် နိုင်ငံခြားရောက်တဲ့အခါ သိမ်ငယ်စရာမလိုဘူးလို့ ကြံ့ခိုင်ရေးပါတီ မဲဆွယ်
မြန်မာနိုင်ငံမှာ အနော်ရထာ၊ ကျန်စစ်သား၊ အလောင်းဘုရား စတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေ ရှိနေတာကြောင့် နိုင်ငံခြားရောက်တဲ့အခါ သိမ်ငယ်စရာ မလိုဘူးလို့ ကြံ့ခိုင်ရေးပါတီက ပြည်ထောင်စုနယ်မြေ မဲဆန္ဒနယ်အမှတ်(၆) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း (FPTP) ဦးတင်ဦးလွင်က မဲဆွယ် ပြောကြားလိုက်ပါတယ်။
အခု ဒီဇင်ဘာ ၆ ရက်နေ့က နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ချင်းရွာက ပြည်သူတွေနဲ့ တွေ့ဆုံစဉ်မှာ ဦးတင်ဦးလွင်က အခုလို ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။
“ကိုယ့်မြန်မာနိုင်ငံဆိုတာကလည်း ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ အနော်ရထာတို့ ၊ ကျန်စစ်သားတို့ ၊ အလောင်းဘုရားတို့၊ ဘုရင့်နောင်တို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ တကယ့်နိုင်ငံ့ခေါင်းဆောင်ကြီးတွေရှိတဲ့ အရပ်ဖြစ်တဲ့အတွက် ကျွန်တော်တို့ တတွေသည် နိုင်ငံခြားရောက်တဲ့အခါ သိမ်ငယ်စရာ မလိုဘူး”လို့ ဦးတင်ဦးလွင်က ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသားအများစုဟာ ပြည်ပထွက်ခွာမှု များပြားခဲ့ပြီး မြန်မာနိုင်ငံရဲ့ Passport အဆင့်အတန်းဟာလဲ နိမ့်ကျလာခဲ့ပါတယ်။
“အမေစုလက်ထက်နဲ့ အခုအရမ်းကွာတယ်၊ ဘယ်လေဆိပ်ရောက်ရောက် မြန်မာ Passport ဆိုတာနဲ့ ရစ်တော့တာပဲ မပြန်တော့ဘဲ သူတို့ နိုင်ငံထဲမှာပဲ နေမှာကို အရမ်းကြောက်ကြတယ်၊ မြန်မာဆိုတာနဲ့ ဗီဇာသက်တမ်းတိုးဖို့ပါ ခက်ကုန်တယ်၊ ဘုရင့်နောင်တော့ မသိဘူး အခုဖြစ်နေတာ မင်းအောင်လှိုင်ကြောင့်ပါပဲ”လို့ ထိုင်းနိုင်ငံမှာ ကျောင်းတက်နေတဲ့ မြန်မာလူငယ်တစ်ဦးက ပြောပါတယ်။
ဦးတင်ဦးလွင်ဟာ ဗိုလ်မှူးချုပ် (ငြိမ်း) တစ်ဦးဖြစ်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုကော်မတီဝင်လည်း ဖြစ်ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပတ်စဉ်တူ စစ်တက္ကသိုလ် အပါတ်စဉ် (၁၉)ဆင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ အဖြစ် ရာထူးရယူခဲ့ပြီး လက်ရှိမှာ သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် လုပ်ဆောင်နေသူဖြစ်ပါတယ်။ သူဟာ ၂၀၁၅အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှစ်ခုလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သေးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းတွေကို ရှုံးနိမ့်ခဲ့သူပဲ ဖြစ်ပါတယ်။
ဓာတ်ပုံ _ USDP
