ခြိမ်းခြောက်မှုတွေကြားက နိုင်ငံတဝန်းပြည်သူ စုစည်းညီညာခဲ့တဲ့ အသံတိတ်သပိတ်
ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ မြန်မာပြည်သူလူထုက စစ်အုပ်စုက ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “အသံတိတ်သပိတ် (Silent Strike)” လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။

မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ သတ်မှတ်ထားတဲ့ ဒီလှုပ်ရှားမှုအတွင်းမှာ ရန်ကုန်၊ မန္တလေး၊ မကွေး အပါအဝင် နိုင်ငံတစ်ဝန်းက မြို့ကြီးတွေမှာ လမ်းမတွေ ခြောက်ကပ်ငြိမ်သက်သွားခဲ့ပြီး ပြည်သူတွေက အိမ်ထဲမှာပဲ နေပြီးတော့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြတာပါ။
စစ်အုပ်စုကတော့ အရင်နှစ်တွေကလိုပဲ သပိတ်ပျက်သွားအောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ပါတယ်။ မန္တလေးမြို့၊ အောင်မြေသာဇံနဲ့ ချမ်းအေးသာဇံ မြို့နယ်တွေမှာဆိုရင် လမ်းတွေပိတ်၊ လုံခြုံရေးအပြည့်ချပြီး အားကစားပွဲတွေ၊ ချောတိုင်တက်ပွဲတွေကို အတင်းအဓမ္မ လုပ်ခိုင်းခဲ့ပါတယ်။ ဒါ့အပြင် စစ်တပ်ထောက်ခံသူတွေကို ဆိုင်ကယ်တွေနဲ့ မြို့ပတ်မောင်းခိုင်းပြီး လူစည်ကားသယောင် ဖန်တီးခဲ့ပေမယ့် ကျန်တဲ့ မြို့ပြလမ်းမတွေပေါ်မှာတော့ လူသူကင်းမဲ့ပြီး တိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။

ရန်ကုန်မြို့မှာလည်း စစ်ကောင်စီက ဈေးဆိုင်တွေ မဖြစ်မနေ ဖွင့်ဖို့ ဖိအားပေးခဲ့ပါတယ်။ မင်္ဂလာဈေးရှေ့မှာ စစ်ကားတွေရပ်ပြီး အသံချဲ့စက်တွေနဲ့ ဆိုင်မပိတ်ဖို့ ခြိမ်းခြောက်ခဲ့ပေမယ့် ဆိုင်သာဖွင့်ထားရပြီး ဝယ်သူ မရှိဘဲ ခြောက်ကပ်နေတယ်” လို့ပြည်သူတွေရဲ့သတင်းပေးပို့ချက်ကို ကိုးကားပြီး အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)မှ တာဝန်ရှိသူတစ်ဦးက CJ Platformကိုပြောပါတယ်။

ရန်ကုန်မြို့က သတင်းတွေကိုဖော်ပြနေတဲ့ Rangoon Scout Network မှ တာဝန်ရှိသူတစ်ဦးကလည်း စစ်ကော်မရှင်က ရန်ကုန်မှာ ဈေးဆိုင်တွေ ဖွင့်မဖွင့်ကို လိုက်စစ်နေပြီး ဓာတ်ပုံတွေရိုက်ယူနေပေမယ့် ဈေးဆိုင်တွေမှာ ဝယ်သူနည်းပါးနေပြီး ကားအသွားလာတွေနည်းပါးနေတယ်လို့ ဆိုပါတယ်။

“သပိတ်တိုင်းမှာ ပါတယ်။ သူတို့ မသေမချင်း အာခံစမြဲပဲ” လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောသလို၊ မန္တလေးသပိတ်အင်အားစုက တာဝန်ရှိသူတစ်ဦးကလည်း “၁၁ နာရီ ဝန်းကျင်လောက်ကစပြီး လူစကျဲလာပါတယ်။ တော်တော်များများ ပါဝင်ပေးကြပါတယ်။ လူလုံးဝမရှိဘဲ လမ်းရှင်းသွားတာမျိုးတော့မဟုတ်ပါဘူး။ ပြည်သူတွေက အခုချိန်ထိ တာဝန်ကျေနေဆဲပါ” လို့ မှတ်ချက်ပေးပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းမှာပဲ ယူကေ၊ ဩစတြေးလျ၊ ကနေဒါနဲ့ ဥရောပသမဂ္ဂ သံရုံးတွေက “စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ ပဋိပက္ခနဲ့ အကြမ်းဖက်မှုကိုသာ ပိုပြီးဆိုးရွားစေလိမ့်မယ်” လို့ ထုတ်ပြန်ခဲ့ကြပါတယ်။

အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က တာဝန်ရှိသူကတော့ “ဒီနေ့ အသံတိတ်သပိတ်ဟာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြည်သူက အတိအလင်း ပြသလိုက်တာ ဖြစ်ပါတယ်။ ဒီထက်ခိုင်မာတဲ့ ပြည်သူ့ဆန္ဒ သက်သေပြချက် မရှိနိုင်တော့ပါဘူး” လို့ CJ Platform ကို ပြောပါတယ်။

ဓာတ်ပုံ – လူမှုကွန်ရက် ၊ ပေးပို့ ၊ GSCB
