စစ်ကိုင်းမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၄ ဦး သေဆုံးပြီး ၉ ဦးခန့် ဒဏ်ရာရ

Author CJ Platform
Categories
Published on Dec 08, 2025

စစ်ကိုင်းတိုင်း၊ ဗန်းမောက်၊ ကသာနဲ့ ပင်လည်ဘူးမြို့နယ်တွေကို မနေ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ စစ်အုပ်စုက လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦး သေဆုံးခဲ့ရပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မနေ့ ဒီဇင်ဘာ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်မှာ ဗန်းမောက်မြို့နဲ့ မိုင် ၂၀ ခန့်ကွာဝေးတဲ့ အရပ်သားတွေ ရွှေသတ္တုတူးဖော်ရာ နေရာဖြစ်တဲ့ ဗန်းမောက်မြို့နယ် တောင်ပိုင်းရှိ သုံးမြေဆုံ ရွှေလုပ်ကွက်နေရာကို အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

“ဗုံးက လေးကြိမ် ကြဲတာ ရှစ်လုံး။ အရပ်သား ခြောက်ယောက် ထိခိုက်တယ်။ အမျိုးသား တစ်ယောက် သေတယ်။ အလုပ်သမားတွေပဲ။ ထိခိုက်တဲ့ ခြောက်ယောက်ထဲမှာ မြန်မာစကား လုံးဝမတတ်တဲ့ တရုတ်အမျိုးသား နှစ်ယောက်လည်း ပါတယ်။ ကြဲတာက တရုတ်တွေ လုပ်နေတဲ့ လုပ်ကွက်တွေထဲ” လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အလားတူ ဒီဇင်ဘာ ၇ ရက် ည ၇ နာရီနဲ့ ၁၀ နာရီတို့မှာလည်း ကသာမြို့နယ် နမ့်စမ်းကျေးရွာရှိ အလယ်တန်းစာသင်ကျောင်းနဲ့ ကျောက်ထုံးကြီးကျေးရွာကို လက်နက်ကြီး ပစ်ခတ်တာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

“စာသင်ကျောင်းကို ကြဲတာက အထိခိုက်ကတော့ လူတွေတော့ မရှိခဲ့ဘူး။ နမ့်စမ်း စာသင်ကျောင်း KG ဆောက်ပျက်ဆီးသွားတာ” လို့ ကသာမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် ကသာမြို့ရှိ စစ်အုပ်စုက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျောက်ထုံးကြီးကျေးရွာက အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် အချို့ ပျက်စီးခဲ့ပြီး၊ ကပ္ပလိပ်ကျေးရွာက အမျိုးသမီးတစ်ဦး ကျည်စ ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

 

စစ်အုပ်စုရဲ့ လက်ရှိ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေဟာ တိုက်ပွဲ မဖြစ်ပွားဘဲ ဒေသခံတွေ နေထိုင်ကြတဲ့ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ သိရပြီး မနေ့ ဒီဇင်ဘာ ၇ ရက်နေ့ ည ၁၁ နာရီခန့်မှာ ပင်လည်ဘူးမြို့နယ်က နေရာတစ်ခုကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ နေအိမ်အပေါ် ကျရောက်ပေါက်ကွဲပြီး ဒေသခံ ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးရဲဘော် နှစ်ဦးရဲ့ ပြောဆိုချက်အရ ကနဦး သိရပါတယ်။

 

ပင်လည်ဘူးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရတဲ့ ဒေသကိုတော့ ဒေသတွင်း လုံခြုံရေးအခြေအနေကြောင့် သတင်းအရင်းမြစ်တွေက အသေးစိတ် ပြောဆိုတာ မရှိခဲ့ပါဘူး။

 

မတရား အာဏာသိမ်းမှု စတင်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ ဒီဇင်ဘာ ၅ ရက်အထိ စစ်အုပ်စုရဲ့ လက်အောက်ခံတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း ဒီမိုကရေစီ လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၇၅၀၀ ကျော် သေဆုံးခဲ့ပြီလို့ ဒီဇင်ဘာ ၅ ရက်နေ့ AAPP ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – ​ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့