NUG ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာအပေါ် တိုင်ကြားထားမှုအတွက် တိုင်ကြားသူများကို ကနဦး စုံစမ်းစစ်ဆေး၊ နစ်နာသူတွေ ဖွင့်လှစ်ထားတဲ့ Facebook Page ကို ဆက်လက်အသုံးမပြုရန် တားမြစ်ခံရ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာကို ဝန်ထမ်းဟောင်း ၁၂ဦးက တိုင်ကြားထားမှုနဲ့ ပတ်သက်ပြီး တိုင်ကြားသူတွေအပေါ် ကနဦး စုံစမ်းစစ်ဆေးမှုတွေ ပြီးဆုံးသွားပြီဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံး ဝန်ထမ်းဟောင်းတွေဆီက စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်က NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ သူ့ရဲ့ အမျိုးသားဖြစ်သူ ဝန်ကြီးချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးညီညီမင်းတို့ဟာ ဝန်ထမ်းတွေ အပေါ် ဖိနှိပ်တာ၊ ဌာနအတွင်း မိသားစုဝင်တွေကို ရာထူးကြီးတွေပေးကာ ခန့်ထားတာ၊ လူ့အခွင့်အရေး ချိုးဖောက်တာနဲ့ အဂတိလိုက်စားမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အရေးယူပေးဖို့ဆိုကာ ဝန်ကြီးချုပ်ရုံး ဝန်ထမ်းဟောင်း ၁၂ ဦးက NUG ယာယီသမ္မတ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဌနဲ့ NUG ဝန်ကြီးချုပ်တို့ကို လိပ်မူပြီး သက်သေမှတ်တမ်းတွေနဲ့ တကွ တိုင်ကြားခဲ့တာပါ။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး NUG အစိုးရက နိုဝင်ဘာ ၂၂ ရက်မှာ စုံစစ်စစ်ဆေးရေးအဖွဲ့ (စုံခုံ) ဖွဲ့စည်းခဲ့ပြီး တိုင်ကြားသူတွေနဲ့ တိုင်ကြားခံရသူတွေကို စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်ခဲ့ကာ ဒေါ်ကြည်ပြာကိုလည်း ရာထူးကနေ ယာယီ ရပ်နားထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
စုံစမ်းစစ်ဆေးမှုတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၃ ရက်နေ့အထိ လုပ်ဆောင်ခဲ့တယ်လို့ သိရပြီး စုံစမ်းစစ်ဆေးနေချိန်အတွင်း တိုင်ကြားခံထားရသူ ဒေါ်ကြည်ပြာကလည်း သူ့ကို တိုင်ကြားခဲ့တဲ့ ဝန်ထမ်းဟောင်း ၁၂ ဦးကို မည်သည့် အကြောင်းရာကို တိုင်ကြားသည်မသိရဘဲ ပြန်လည် တိုင်ကြားမှု လုပ်ခဲ့တယ်လို့ ဒီဖြစ်စဉ်မှာ ပါဝင်နေတဲ့ ဝန်ထမ်းဟောင်း တစ်ဦးက ပြောပါတယ်။
ဝန်ထမ်းဟောင်း ၁၂ ဦးစလုံးကို ဒေါ်ကြည်ပြာက ပြန်လည် တိုင်ကြားထားကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီဇင်ဘာ ၄ ရက်မှာ အသိပေး အကြောင်းကြားလာပေမဲ့ တိုင်ကြားထားတဲ့ အမှု အကြောင်းအရာတွေကိုတော့ စုံခုံအဖွဲ့က အသိပေးခဲ့တာ မရှိဘူးလို့လည်း ဆိုပါတယ်။
“NUG က စုံခုံဖွဲ့ပြီးချိန် ၂၈ ရက်နေ့ (နိုဝင်ဘာလ) ကနေ စပြီး စစ်ဆေးတယ်။ တစ်ရက်ကို နှစ်ဦးနှုန်းနဲ့ပေါ့။ ၃ ရက်နေ့မှာ (ဒီဇင်ဘာလ) စုံစမ်းစစ်ဆေးခြင်း ပြီးဆုံးတယ်လို့ ပြောလို့ရတယ်။ ကျွန်တော်တို့လဲ အပြည့်အဝပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ၄ရက်နေ့မှာတော့ ကျွန်တော်တို့ကို ဒေါ်ကြည်ပြာကနေ ပြန်လည်တိုင်ကြားထားတယ် ဆိုတဲ့ အခြေနေတစ်ခုကို သိရတယ်။ ဒေါ်ကြည်ပြာက (နိုဝင်ဘာ) ၂၄ ရက်နေ့မှာ ပြန်လည်တိုင်ကြားတယ် ဆိုတဲ့ အကြောင်းကို ဒီဇင်ဘာ ၄ ရက်မှာ အကြောင်းကြားလာတယ်၊ ” လို့ ဝန်ထမ်းဟောင်းတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် တိုင်ကြားသူတွေက ပြည်သူတွေနဲ့ ဆက်သွယ်နိုင်ဖို့အတွက် “ကြည်ပြာ၏ အဂတိလိုက်စားမှုအား ဖော်ထုတ်သူများ”လို့ အမည်ရတဲ့ Facebook Page ဖွင့်လှစ်ထားမှုကိုလည်း ဆက်လက် အသုံးမပြုဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က တားမြစ်ခဲ့တယ်လို့ သိရပါတယ်။
“ကြည်ပြာ၏ အဂတိလိုက်စားမှုအား ဖော်ထုတ်သူများ”လို့ အမည်ရတဲ့ Facebook Page ကို CJ Platform က စိစစ်ကြည့်ရာမှာလဲ အခု ဒီဇင်ဘာ ၃ရက်နေ့ထိသာ ရေးသားဖော်ပြချက်များကိုသာ တွေ့ရပါတယ်။
တိုင်ကြားသူတွေဟာ လျှို့ဝှက်စုံစမ်းစစ်ဆေးမှုတွေအပြင် အများပြည်သူများရှေ့ ပွင့်လင်းမြင်သာစွာ တရားစစ်ဆေး စီရင်မှုကိုလည်း လုပ်ဆောင်ပေးဖို့ အလိုရှိတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ကတော့ တရားမျှတမှုကို လိုချင်တာမို့ NUG အနေနဲ့ကတော့ မျှမျှတတ ဆုံးဖြတ်ပေးနိုင်ဖို့ ကျွန်တော်တို့က ယုံကြည်၊ မျှော်လင့်တယ်။ ကိုယ့်ရဲ့ အစိုးရဖြစ်တာနဲ့ အညီပေါ့။ ဒါဟာ နိုင်ငံတော်အဆင့် အမှုတစ်ခုဖြစ်လို့ အများပြည်သူရှေ့မှာ ပွင့်လင်းမြင်သာစွာ တရားစစ်ဆေးတာအထိ ကျွန်တော်တို့ တိုက်တွန်းလိုပါတယ်”လို့ ဝန်ထမ်းဟောင်းတစ်ဦးက ပြောပါတယ်။
ဒေါ်ကြည်ပြာနဲ့ သူ့အမျိုးသား ဦးညီညီမင်းတို့ကို နိုဝင်ဘာ ၁၉ ရက်မှာ ဝန်ကြီးချုပ်ရုံး ဝန်ထမ်းဟောင်းတွေက တိုင်ကြားခဲ့ပြီးနောက်ပိုင်း တိုင်ကြားရာမှာ ပါဝင်သူ အချို့ကို ဖိအားပေးမှုတွေ၊ ခြိမ်းခြောက်ခံရမှုတွေ ရှိခဲ့တယ်လို့ ဝန်ထမ်းဟောင်း အချို့က CJ Platform ကို ပြောပါတယ်။
လက်ရှိ တိုင်ကြားခံနေရမှုကြောင့် စစ်ဆေးခံနေရသူ ဒေါ်ကြည်ပြာဟာ NLD အစိုးရလက်ထက်က ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်အုပ်စု အာဏာသိမ်းပြီးနောက် NUG အစိုးရ ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး လက်ရှိမှာတော့ တာဝန်ကနေ ယာယီ ရပ်ဆိုင်းခံထားရပါတယ်။
အခုလို ဒေါ်ကြည်ပြာ့အပေါ် စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး CJ Platform က ဒေါ်ကြည်ပြာရဲ့ လက်ကိုင်ဖုန်းတွေအပြင် Signal ကပါ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားမှု မရှိခဲ့ပါဘူး။
ဓာတ်ပုံ – တိုင်ကြားသူများ ဖွင့်လှစ်ထားသည့် Facebook Page ကို မြင်ရပုံ
