ဒီပဲယင်းမြို့နယ်မှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၂ ဦးခန့် သေဆုံး
စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မာရကန်ကျေးရွာကို စစ်အုပ်စုက မနေ့ ဒီဇင်ဘာ ၅ ရက်နေ့ ည ၈နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မာရကန်ကျေးရွာက ပြည်သူပိုင် နေအိမ်တွေ ပျက်ဆီးဆုံးရှုံးခဲ့သလို သေဆုံးသူ ဒေသခံ ၂၂ ဦးခန့် ရှိလာတယ်လို့ သိရပါတယ်။

မာရကန်ကျေးရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူတွေထဲမှာ ကလေးငယ်နဲ့ အမျိုးသမီးတွေ ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ဒေသခံ ၃၀ ခန့် ရှိတယ်လို့ သိရပါတယ်။
“ဖြစ်ဖြစ်ချင်း ၁၃ ယောက် သေတယ်၊ ညရယ် မနက်ရယ် ခုချိန်ထိ ၂၂ ယောက်ထိ ရှိပါပြီ။ နေအိမ် ပျက်ဆီးမှုအခြေနေ အရေအတွက်တွေကိုတော့ မသိရသေးပါဘူး” လို့ S & C မီးဘေးစစ်ဘေး ပညာရေးကူညီ စောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဒီနေ့ မနက် ၁၀ နာရီခွဲခန့်မှာ CJ Platform ကို ပြောပါတယ်။

ဒီပဲယင်းမြို့နယ် ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ စစ်အုပ်စုက တိုက်ပွဲ မရှိပဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ ၅ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အမျိုးသမီး ၃ ဦး ပါဝင်တယ်လို့လည်း သိရပါတယ်။

“ချသွားတဲ့နေရာက လက်ဖက်ရည်ဆိုင်အနီးမှာ ချသွားတာ။ လက်ဖက်ရည်ဆိုင်ဆိုတော့ လူတွေ လည်း စည်တယ်၊ အဲဒီမှာ ချသွားတာ။ နေအိမ်ကတော့ ငါးလုံးလောက် ပျောက်သွားတာ၊ အပျက်စီးကတော့ တော်တော်များခဲ့တာ၊ သေဆုံးစာရင်းကတော့ တိုးနေတာ” လို့ ဒီပဲယင်းမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လူသေဆုံးမှုတွေအပြင် ဒေသခံ နေအိမ် ၁၅ လုံးထက်မနည်း ပျက်ဆီးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
မာရကန်ကျေးရွာဟာ အိမ်ခြေ ၅၀၀ ခန့်ရှိတဲ့ ကျေးရွာဖြစ်ပြီး စစ်အုပ်စုက ၂၀၂၂ ခုနှစ်မှာ နှစ်ကြိမ်ခန့် ဝင်ရောက် မီးရှို့ခဲ့သလို ၂၀၂၃ ခုနှစ်မှာလည်း ဝင်ရောက် မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၀၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့ပါတယ်။
ဒါ့အပြင် မနေ့ ဒီဇင်ဘာ ၅ ရက်နေ့ နေ့လယ် ၁ နာရီနဲ့ ၄ နာရီအကြားမှာ လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ခန့် ပြုလုပ်ခဲ့တယ်လို့ သိရပြီး ဒေသခံ ထောင်နဲ့ချီဟာလည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေထံက သိရပါတယ်။
ဒီပဲယင်းမြို့နယ်မှာ အလားတူ လေကြောင်းတိုက်ခိုက်မှုနဲ့ လူသေဆုံးမှု ဖြစ်စဥ်တွေ ရှိခဲ့ပြီး အခုနှစ် ၂၀၂၅ မေ ၁၂ ရက်နေ့ကလည်း စစ်အုပ်စုက ဒီပဲယင်းမြို့နယ် အိုးတိန်တွင်း (အိုးထိမ်းကွင်း) ကျေးရွာစာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ဆရာမ ၂ ဦးအပါအဝင် ကျောင်းသားကျောင်းသူ ၂၀ ဦးကျော် သေဆုံးခဲ့ပါတယ်။
ဓာတ်ပုံ – ပေးပို့
