ထရမ့် ရနိုင်တယ်လို့ သတင်းထွက်နေတဲ့ FIFA ငြိမ်းချမ်းရေးဆုကို ရွေးချယ်ပေးမယ့်သူက ဦးဇော်ဇော်ဖြစ်နေ
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ပထမဆုံးအကြိမ် ချီးမြှင့်မယ့် “FIFA Peace Prize (ငြိမ်းချမ်းရေးဆု)” ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အတွက် ရည်ရွယ်ထားတယ်လို့ သတင်းထွက်နေချိန်မှာ၊ ဒီဆုရွေးချယ်ရေး လုပ်ငန်းစဉ်ကို ဖန်တီးမယ့် ကော်မတီခေါင်းဆောင်ဟာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ဖြစ်တယ်လို့ The Guardian သတင်းစာက ထုတ်ဖော်လိုက်ပါတယ်။
ဒီကနေ့ (ဒီဇင်ဘာ ၅ ရက်) ဝါရှင်တန်မှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလား မဲခွဲပွဲအခမ်းအနားမှာ ဒီဆုကို ကြေညာဖို့ ရှိနေပါတယ်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆု လွဲချော်ခဲ့လို့ စိတ်ပျက်နေတဲ့ သမ္မတထရမ့်ကို နှစ်သိမ့်ဖို့ FIFA ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို က ဒီဆုကို တီထွင်လိုက်တာလို့ ဝေဖန်သူတွေက ဆိုပါတယ်။ အင်ဖန်တီနို ဟာ ဂါဇာငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ထရမ့်ဘေးကနေ ရပ်တည်ပြခဲ့ပြီး FIFA ရဲ့ နိုင်ငံရေးကင်းရှင်းရမယ်ဆိုတဲ့ စည်းမျဉ်းကို ချိုးဖောက်ခဲ့သူလို့ စွပ်စွဲခံထားရသူပါ။
The Guardian သတင်းစာရဲ့ ဖော်ထုတ်ချက်အရ ဒီဆုရွေးချယ်ရေးလုပ်ငန်းစဉ်ကို ရေးဆွဲမယ့် FIFA ရဲ့ “လူမှုရေးတာဝန်ယူမှုကော်မတီ” (Social Responsibility Committee) ဥက္ကဋ္ဌဟာ ဦးဇော်ဇော် ဖြစ်ပါတယ်။ ဦးဇော်ဇော်ဟာ အရင် စစ်အစိုးရလက်ထက်ကတည်းက “Crony (ခရိုနီ)” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတ်မှတ်ခဲ့ဖူးသူပါ။ ၂၀၀၉ ကနေ ၂၀၁၆ အထိ အမေရိကန်နဲ့ EU ရဲ့ ပိတ်ဆို့အရေးယူမှု (Sanctions) ခံခဲ့ရဖူးပြီး၊ အာဏာရှင်ဟောင်း သန်းရွှေရဲ့ မိသားစုနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့သူလို့ Wikileaks ပေါက်ကြားမှုတွေမှာ ဖော်ပြခဲ့ဖူးပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ စစ်တပ်နဲ့ ပတ်သက်သူတစ်ဦးကို “ငြိမ်းချမ်းရေးဆု” စိစစ်မယ့် ကော်မတီဥက္ကဋ္ဌ ခန့်အပ်တာဟာ FIFA ရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ လွဲမှားမှုကြီးတစ်ခုလို့ ထောက်ပြကြပါတယ်။ FairSquare အဖွဲ့က Nick McGeehan က “ဒါဟာ အင်ဖန်တီနို လိုချင်တဲ့ ရလဒ်ထွက်အောင် နောက်ကွယ်က ကြိုးကိုင်ဖန်တီးတဲ့ လုပ်ရပ်သာ ဖြစ်တယ်” လို့ ဝေဖန်ပါတယ်။
လေ့လာသူတွေကတော့ ဒါဟာ ငွေကြေးနဲ့ အာဏာကစားပွဲလို့ သုံးသပ်ပါတယ်။ အင်ဖန်တီနို ဟာ ၂၀၂၆ ကမ္ဘာ့ဖလား အိမ်ရှင် အမေရိကန်သမ္မတ ထရမ့်နဲ့ ၂၀၃၄ အိမ်ရှင်ဖြစ်လာမယ့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆာမန်တို့ဆီကနေ နိုင်ငံရေးနဲ့ ငွေကြေးထောက်ခံမှုရဖို့ ကြိုးစားနေတာပါ။ ဒီအတွက် “ငြိမ်းချမ်းရေးဆု” ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး နိုင်ငံရေးခေါင်းဆောင်တွေကို ဖားနေတာလို့ ဆိုကြပါတယ်။
FIFA ကတော့ ကမ္ဘာ့ငြိမ်းချမ်းရေး လိုလားသူတွေကို အသိအမှတ်ပြုတာကို ဝေဖန်ဖို့ မသင့်ဘူးလို့ တုံ့ပြန်ထားပါတယ်။ ဒါပေမယ့် ပထမဆုံးဆုရှင်က ဘယ်သူဖြစ်မလဲ၊ ဦးဇော်ဇော် ဦးဆောင်တဲ့ ကော်မတီက ဘယ်လို စံနှုန်းတွေ သတ်မှတ်မလဲ ဆိုတာကတော့ ကမ္ဘာ့ဘောလုံးလောကရဲ့ စောင့်ကြည့်စရာ ဖြစ်နေပါပြီ။
FIFA Peace Prize ဆုရှင်ကို ဦးဆောင်ရွေးချယ်မယ့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော်ဟာ ရခိုင်ပြည်အတွင်း ရိုဟင်ဂျာတွေကို မျိုးသုဉ်းသတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့တဲ့ မြန်မာစစ်အုပ်စုကို ငွေကြေးထောက်ပံ့မှုတွေအတွင် ရိုဟင်ဂျာတွေ နေရပ်မပြန်နိုင်ရေးအတွက် နယ်စပ်ခြံစည်းရိုးတွေ တည်ဆောက်ရာမှာ အလှူငွေ အမြောက်အမြား ပံ့ပိုးခဲ့သူလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – MFF
