မြန်မာ့စစ်ရာဇဝတ်မှုစုံစမ်းရေး ကုလသမဂ္ဂအဖွဲ့ (IIMM) ရန်ပုံငွေ ဖြတ်တောက်ခံရ
မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေကို အချက်အလက် စုဆောင်းနေတဲ့ ကုလသမဂ္ဂအဖွဲ့ဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာလွပ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ဟာ အခုအခါမှာ ရန်ပုံငွေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါပြီ။ ၂၀၂၆ ခုနှစ်အတွက် ဘတ်ဂျက်ငွေ ၁၅ ရာခိုင်နှုန်း ဖြတ်တောက်ခံရမယ့် အခြေအနေကြုံတွေ့နေရတယ်လို့ The New Humanitarian သတင်းဌာနက ဖော်ပြပါတယ်။
IIMM ဒု-အကြီးအကဲ Kaoru Okuizumi (ကာအိုရူ အိုကူအစ်ဇူမီ) က “ရန်ပုံငွေဖြတ်တောက်မှုကြောင့် ဝန်ထမ်း ၃ ပုံ ၁ ပုံလောက် (၂၇ ဦးခန့်) ကို လျှော့ချရနိုင်တယ်” လို့ The New Humanitarian ကို ပြောပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းတဲ့ ဌာနခွဲတချို့ ပိတ်သိမ်းရနိုင်ခြေ ရှိနေတာပါ။ “တရားမျှတမှုဆိုတာ ဈေးမပေါပါဘူး။ အရင်းအမြစ်နည်းရင် တရားစီရင်ရေးလည်း အားနည်းသွားမှာပဲ” လို့ သူက ဆိုပါတယ်။
