တောင်းဆိုထားတဲ့ လစာနဲ့ ခံစားခွင့်မရသရွေ့ ကျောင်းအားလုံးကို ပိတ်ထားမယ်လို့ ဘင်္ဂလားဒေ့ရှ် မူလတန်းဆရာ၊ ဆရာမတွေဆို

Author CJ Platform
Categories
Published on Dec 04, 2025

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက အစိုးရမူလတန်းကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမတွေက သူတို့ တောင်းဆိုထားတဲ့ အခြေခံလစာနဲ့ ခံစားခွင့်အပြည့်အဝ မရရှိခဲ့တာကြောင့် မနေ့ ဒီဇင်ဘာ ၃ ရက်ကစပြီး တစ်နိုင်ငံလုံးက ကျောင်းတွေကို ပိတ်ထားခဲ့ပါတယ်။

 

အစိုးရမူလတန်းကျောင်း ဆရာ၊ ဆရာမတွေက အခြေခံလစာနဲ့ ခံစားခွင့်တွေ Grade 10 အထိ တိုးမြှင့်ပေးဖို့အတွက် အစိုးရထံ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းက တင်ပြခဲ့ပြီးနောက် ဘဏ္ဍာရေးဝန်ကြီးဌာနက Grade 11 အထိ လစာ တိုးမြှင့်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိ အကောင်အထည် မပေါ်လာတာကြောင့် အခုလို နိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာတာပါ။

ဆရာ၊ ဆရာမတွေ တောင်းဆိုတဲ့ Grade 10 လစာဟာ အရာရှိအဆင့် လစာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ငွေ BDT ၁၆၀၀၀ (ဒေါ်လာ ၁၃၀ ဝန်းကျင်) တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးကတော့ Grade 11 လစာ BDT ၁၂၅၀၀ တိုးမြှင့်ပေးမယ်လို့ ကတိပြုခဲ့တာပါ။

 

ဒါပေမဲ့ တစ်နှစ်နီးပါး ကြာမြင့်ချိန်အထိ ဘဏ္ဍာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ရာမှာ ကြန့်ကြာနေတာကြောင့် မူလတန်းဆရာ၊ ဆရာမတွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်မှာ အကောင်အထည်ဖော်ဆောင်နိုင်ရေး ကောင်စီကို ဖွဲ့စည်းခဲ့ပြီး အချက် ၃ ချက်ကိုလည်း တောင်းဆိုမှုတွေ ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။

 

ဆရာ၊ ဆရာမတွေ တောင်းဆိုချက်တွေဟာ လက်ထောက်ဆရာ၊ ဆရာမတွေရဲ့ လစာကို Grade 10 အဆင့်ထိ တိုးမြှင့်ပေးဖို့၊ လုပ်သက် ၁၀ နှစ်နဲ့ ၁၆ နှစ် ပြည့်ပြီးသူတွေကို အကျိုးခံစားခွင့်တွေ ပိုမို တိုးမြှင့်ပေးရာမှာ ခက်ခဲရှုပ်ထွေးနေမှုတွေကို ဖြေရှင်းပေးဖို့နဲ့ လက်ထောက်ဆရာ၊ ဆရာမတွေကို ကျောင်းအုပ်ရာထူးအထိ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

 

အခြေခံလစာနဲ့ ခံစားခွင့်တွေအတွက် တောင်းဆိုရာမှာ ဦးဆောင်ခဲ့တဲ့ ဆရာ၊ ဆရာမတွေကို အစိုးရဘက်က အရေးယူဖို့ ကြိုးပမ်းလာပြီးနောက်ပိုင်း ဆန္ဒပြမှုတွေ ပိုမိုအရှိန်မြင့်လာပြီး စာသင်နှစ်ဝက်စာမေးပွဲ ဖြေဆိုမှုတွေကိုလည်း လက်ရှိမှာ ရပ်ဆိုင်းထားရပါတယ်။

 

Ref: Dhaka Times

ဓာတ်ပုံ – Dhaka Tribune၊ The Financial Express၊ bdnews24