ထိုင်းရောက် မြန်မာရွှေ့ပြောင်းလူငယ်တွေရဲ့ ပညာရေးကို ပိုမိုကူညီထောက်ပံ့ပေးဖို့ OIA ပြင်ဆင်နေ

Author CJ Platform
Categories
Published on Dec 01, 2025

မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံထဲ နေရပ်စွန့်ခွာတိမ်းရှောင်လာသူ လူငယ်တွေရဲ့ ပညာရေးပိုင်းကို ပိုမိုကူညီထောက်ပံ့ပေးသွားမယ်လို့ အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အဝေးရောက်ဧရာဝတီအသင်း (OIA) တာဝန်ရှိသူ ကိုဖိုးသင်္ကြန်က ပြောပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မနေ့ နိုဝင်ဘာ ၃၀ရက်နေ့က ပြုလုပ်တဲ့ OIA ရဲ့ “ညှိုးနွမ်းလာသော မျှော်လင့်ချက်များ” သုတေသနအစီရင်ခံစာ မိတ်ဆက်ပွဲမှာ ကိုဖိုးသင်္ကြန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီ အစီရင်ခံစာ မိတ်ဆက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်က တာဝန်ရှိသူတွေ၊ CDM ဝန်ထမ်းတွေ၊ CDM ဆရာဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ရွှေ့ပြောင်းလူငယ်တွေအပါအဝင် ဖိတ်ကြားထားသူ စုစုပေါင်း ၂၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။

 

အစီရင်ခံစာထဲမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံထဲ ရောက်ရှိနေတဲ့ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၁၃ ဦးကို တွေ့ဆုံပြီး မြန်မာရွှေ့ပြောင်း လူငယ်တွေရဲ့ အခက်အခဲ၊ အတွေ့အကြုံတွေနဲ့ သူတို့ရဲ့ မျှော်လင့်ချက်၊ ပညာရေးပိုင်းတွေကို မေးမြန်းဖော်ပြထားပါတယ်။

 

စစ်ရေးပဋိပက္ခတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာလာသူ မြန်မာနိုင်ငံသားတွေကို OIA အဖွဲ့က လိုအပ်တဲ့ အကူအညီတွေ လုပ်ဆောင်ပေးနေပြီး ရွှေ့ပြောင်းကလေးတွေ၊ လူငယ်တွေရဲ့ ပညာရေးပိုင်းကို ပိုမို မြှင့်တင်လုပ်ဆောင်ဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ပြင်ဆင်နေကြောင်း အစီရင်ခံစာမိတ်ဆက်ပွဲအခမ်းအနားမှာ OIA တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။

 

OIA က ကောက်ယူထားတဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ဘန်ကောက်နဲ့ ချင်းမိုင်တို့မှာလည်း မိတ်ဆက်ပွဲအခမ်းအနား ပြုလုပ်ထားပြီး ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

 

ထိုင်းနိုင်ငံထဲမှာရှိတဲ့ ရွှေ့ပြောင်းကလေးတွေ ပညာသင်ကြားရေးအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း အချို့ကို ထိုင်းအစိုးရ ပညာရေးတာဝန်ရှိသူတွေနဲ့ အာဏာပိုင်တွေက မကြာခဏ ဝင်ရောက်စစ်ဆေးနေပြီး စာသင်ကျောင်း မှတ်ပုံတင်မထားရင် ပိတ်သိမ်းမှုတွေရှိနေသလို ဆရာ၊ ဆရာမတွေရဲ့ အလုပ်အကိုင်ဗီဇာအမျိုးအစား မကိုက်ညီပါက ဖမ်းဆီးမှုတွေ လည်း ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ Platform