အဂတိလိုက်စားမှု စွဲချက်တွေကနေ လွတ်ငြိမ်းခွင့်ရဖို့ နေတန်ယာဟု အစ္စရေးသမ္မတထံ တောင်းဆို

Author CJ Platform
Categories
Published on Dec 01, 2025

အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက သူက အကြာကြီး တရားရင်ဆိုင်နေရတဲ့ အဂတိလိုက်စားမှု စွဲချက်တွေကနေ ကင်းလွတ်ပေးဖို့ သမ္မတ အိုင်ဇက် ဟာဇော့ဂ်ထံ မနေ့ နိုဝင်ဘာ ၃၀ ရက်မှာ တောင်းဆိုလိုက်ပါတယ်။ ဒီတောင်းဆိုမှုဟာ လက်ရှိ ဖြစ်ပွားနေတဲ့ နိုင်ငံရေး အကျပ်အတည်းကို အဆုံးသတ်နိုင်ဖို့အတွက် ရည်ရွယ်ထားတယ်လို့ သူက အကြောင်းပြ တောင်းဆိုထားတာပါ။

 

ဝန်ကြီးချုပ် နေတန်ယာဟုဟာ လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှု၊ ယုံကြည်မှု ဆိုင်ရာ ကျင့်ဝတ်ဖောက်ဖျက်မှု စတဲ့ စွပ်စွဲချက်တွေနဲ့ ၂၀၁၉ ခုနှစ်ကတည်းက တရားစွဲဆိုခံထားရတာဖြစ်ပြီး ကာလရှည် တရားရင်ဆိုင်နေရမှုတွေကြောင့် သူ့အုပ်ချုပ်ရေးမှာ အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။ အမှုတွေကို ကင်းလွတ်ခွင့်ပေးလျှင် နိုင်ငံအတွက် ကောင်းမွန်တဲ့ အခြေအနေ ဖြစ်စေနိုင်တယ်လို့ သူက ဆိုပါတယ်။

 

အဂတိလိုက်စားမှု စွဲချက်ကနေ ပယ်ဖျက်ပေးဖို့ သမ္မတရုံးကို စာပေးပို့ထားပြီး ဝန်ကြီးချုပ်အနေနဲ့ သူ့ကို စွဲဆိုထားတဲ့အမှုတွေကို ဥပဒေအရ တရားရင်ဆိုင်နေရပေမယ့် နောက်ဆုံးမှာ စွဲချက်အားလုံးကနေ လွတ်မြောက်မယ်လို့ သူ့ကိုယ်သူ ယုံကြည်နေကြောင်း နေတန်ယာဟုရဲ့ ရှေ့နေက ပြောပါတယ်။

 

“ဒီနေ့ အစ္စရေးမှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကင်းလွတ်ခွင့်အတွက် ကျွန်တော့် ရှေ့နေက သမ္မတဆီ တောင်းဆိုထားပါတယ်။ နိုင်ငံရဲ့ ကောင်းကျိုးကို လိုလားသူ ဘယ်သူမဆို ဒီလုပ်ရပ်ကို ထောက်ခံမယ်လို့ ယုံကြည်ပါတယ်” လို့ နေတန်ယာဟုက သူ့ရဲ့ ရုပ်သံထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

 

သမ္မတက သူ့တောင်းဆိုချက်ကို လက်မခံပါက နေတန်ယာဟုဟာ သူ့ကို စွဲဆိုထားတဲ့ အမှုတွေအတွက် ပြစ်မှုထင်ရှားသော် ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။ အတိုက်အခံပါတီ ခေါင်းဆောင် ယေးလာပစ်က နေတန်ယာဟုအနေနဲ့ သူ့အမှားအယွင်းတွေကို ဝန်ခံဖို့ လိုအပ်ပြီး နောင်တရဖို့လည်း လိုအပ်ကြောင်း၊ ကင်းလွတ်ခွင့် တောင်းဆိုတာမျိုး မလုပ်သင့်ကြောင်း ပြောထားပါတယ်။ ထို့နောက် နိုင်ငံရေးကနေ ချက်ချင်း အနားယူဖို့ လည်း လိုအပ်တယ်လို့ သူက ဆိုပါတယ်။

 

အစ္စရေးနိုင်ငံရဲ့ တရားဥပဒေအရ လွတ်ငြိမ်းချမ်းသာခွင့်ဟာ အပြစ်မရှိကြောင်း စီရင်ချက် ထွက်ပြီးမှသာ ပေးနိုင်တဲ့အတွက် နေတန်ယာဟုရဲ့ အခု တောင်းဆိုချက်ဟာ ထူးခြားပြီး သက်ရောက်မှု အရေးကြီးတယ်လို့ သမ္မတရုံးက ပြောပါတယ်။

 

Ref: Reuters

 

ဓာတ်ပုံ NY Times