မင်းလက်ပံရွာနီး တိုက်ပွဲက လက်နက်ကြီးကျည်တွေ ထိုင်းနိုင်ငံတွင်း ကျရောက်ပြီးနောက် နယ်စပ်ဂိတ်တွေ ပိတ်

Author CJ Platform
Categories
Published on Dec 01, 2025

ကရင်ပြည် မြဝတီမြို့ မင်းလက်ပံရွာအနီးမှာ စစ်အုပ်စုနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး နှစ်ဖက် တိုက်ပွဲအတွင်း ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် ၅ လုံး ထိုင်းဘက်ခြမ်းကို ကျရောက်ခဲ့တာကြောင့် ထိုင်းက နယ်စပ်ဂိတ်တွေကို တစ်ပတ်ကြာ ရပ်ဆိုင်းထားမယ်လို့ ထုတ်ပြန်လာပါတယ်။

 

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း နှစ်နိုင်ငံ ကုန်စည် စီးဆင်းနေတဲ့ မဲဆောက်၊ မယ်ရမတ်၊ ဖုတ်ဖရ၊ အုန်းဖျန်နဲ့ ထားဆောင်းယန် ဒေသတွေထဲမှာရှိတဲ့ နယ်စပ်ဂိတ်တွေကို မနေ့ နိုဝင်ဘာ ၃၀ ကနေ ဒီဇင်ဘာ ၆ ရက်နေ့အထိ ရပ်ဆိုင်းထားမှာဖြစ်တယ်လို့ ထိုင်းစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် နရစွမ်တပ်ဖွဲ့က ထုတ်ပြန်လာတာပါ။

 

ဒါဟာ မနေ့ နိုဝင်ဘာ ၃၀ ရက်က စစ်အုပ်စုနဲ့ KNLA တို့ တိုက်ပွဲ ပြင်းထန်နေတဲ့ချိန် နှစ်ဖက် တိုက်ပွဲအတွင်း ပစ်ခတ်လိုက်တဲ့ ၆၀ မမ လက်နက်ကြီးကျည် မော်တာကျည် ၅ လုံးဟာ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မဟာဝမ်ရပ်ကွက် ဟွေမစ်တင်းကျေးရွာထဲကို ကျရောက်ခဲ့ပြီးနောက် နယ်စပ်ဂိတ်တွေကို ထိုင်းအာဏာပိုင်တွေက တစ်ပတ်ကြာ ပိတ်ထားခဲ့တာပါ။

 

ထိုင်း–မြန်မာ နယ်စပ်တစ်လျှောက်က တရားဝင် ဖြတ်သန်းသွားလာတဲ့ ဂိတ်တွေနဲ့ တရားမဝင် ဝင်ရောက်တဲ့နေရာတွေကိုပါ ထိုင်းစစ်တပ် နယ်ခြားစောင့် အထူးတပ်ဖွဲ့က ပိတ်ဆို့ခဲ့တာဖြစ်ပြီး တိုက်ပွဲကြောင့် နှစ်နိုင်ငံ ပြည်သူ လုံခြုံရေး စိတ်မချရတဲ့အတွက် အရပ်သားပြည်သူ ဖြတ်သန်းသွားလာခွင့်တွေကိုပါ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

 

မြန်မာဘက်က လက်နက်ကြီးကျည် မော်တာကျည် ထိုင်းနိုင်ငံထဲ ကျရောက်ခဲ့တာကြောင့် ထိုင်းစစ်တပ်ကလည်း ၁၂၀ မမ အရွယ်အစားရှိ မီခိုးဗုံး မော်တာကျည် ၄ လုံးကိုလည်း ပြန်လည် ပစ်ခတ်ခဲ့ကာ သတိပေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

 

မင်းလက်ပံရွာအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေနဲ့ ထိုင်းဘက်ခြမ်း လက်နက်ကျည် ကျရောက်ခဲ့မှုနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းပြန်ကြားရေးတာဝန်ရှိသူတွေကို CJ Platform က ဆက်သွယ် မေးမြန်းထားဆဲ ဖြစ်ပါတယ်။

 

ထိုင်း–မြန်မာ နယ်စပ် မင်းလက်ပံရွာအနီးမှာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) လုံခြုံရေးယူပေးထားတဲ့ ကျားဖြန့်ဂိုဏ်းကို KNU လက်အောက်ခံ ကရင်ရဲတပ်ဖွဲ့ (KNPF) နဲ့ KNLA တပ်ဖွဲ့တို့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်က ဝင်ရောက် စီးနင်း ဖြိုခွင်းခဲ့ပြီးနောက် ထိုင်းနိုင်ငံထဲ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၄၄ ဦးကို ထိုင်းစစ်တပ်က မနေ့ နိုဝင်ဘာ ၃၀ ရက်မှာ ဖမ်းဆီးခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – Addy Chaiyadech