ပို့ကုန်ရငွေ ဒေါ်လာ ၅၃ သန်းကျော် ပြန်မသွင်းလို့ဆိုပြီး ပဲကုန်သည် ၈ ဦးကို စစ်အုပ်စုက အမှုဖွင့်
ပြည်ပကို တင်ပို့တဲ့ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅၃ သန်းကျော် ပြန်မသွင်းလို့ဆိုပြီး ပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်းကုန်သည် စီးပွားရေးလုပ်ငန်းရှင် ၈ ဦးကို အရေးယူအမှုဖွင့်ခဲ့ပြီး ၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်အုပ်စုက ဒီနေ့ နိုဝင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်လာပါတယ်။
မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ စတဲ့ ပဲမျိုးစုံ ၁၉ မျိုးကို ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဇူလိုင် ၁၉ ရက်နေ့အထိ ပြည်ပနိုင်ငံတွေဆီ တန်ပေါင်း ၇ သိန်းကျော် တင်ပို့မှုတွေလုပ်ထားပြီး ဒေါ်လာ ၆၆၉ သန်းကျော် ရရှိနေတဲ့ စစ်အုပ်စုဟာ ပို့ကုန်ရငွေ ပြန်မသွင်းတဲ့ ပဲမျိုးစုံကုန်သည်တွေကို အခုလို အရေးယူမှုတွေ လုပ်ဆောင်လာတာပါ။
စစ်အုပ်စုဟာ ပဲမျိုးစုံ တင်ပို့တဲ့ ကုန်သည် ၈ ဦးကို ပြီးခဲ့တဲ့ ၂၀၂၂ ကနေ ၂၀၂၄ ခုနှစ်အတွင်း ပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်း ပို့ကုန် ဒေါ်လာ ၅၉ သန်းကျော် ပြည်ပကို တင်ပို့ခဲ့ပေမဲ့ ပို့ကုန်ရငွေ ဒေါ်လာ ၅၃ သန်းကျော် ပြန်မသွင်းခဲ့ဘူးလို့ ဆိုပါတယ်။ စစ်အုပ်စု အရေးယူခဲ့တဲ့ ကုမ္ပဏီတွေထဲမှာ Maha Nadi International Co., Ltd, RK Shipping and Trading Co., Ltd, Taw Thar Gyi Co., Ltd. နဲ့ Ocean Lion King Co., Ltd. တို့ ပါဝင်နေပါတယ်။
စစ်အုပ်စုလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်နဲ့ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံ တင်ပို့ကနေ ဒေါ်လာ ၃ ဘီလီယံ နီးပါးအထိ ရရှိထားပြီး အခုဘဏ္ဍာနှစ်အတွင်း ဇူလိုင် ၁၉ ရက်အထိ ဒေါ်လာ သန်းပေါင်း ၆၆၀ ကျော် ရရှိနေတာလည်း ဖြစ်ပါတယ်။
ပဲမျိုးစုံအပါအဝင် ပို့ကုန်မျိုးစုံကနေ နှစ်စဉ် ဘဏ္ဍာနှစ်အလိုက် ဒေါ်လာ ဘီလီယံနဲ့ချီ ရရှိနေချိန် စစ်အုပ်စုက ပို့ကုန်လုပ်ငန်းရှင်တွေအပေါ် ပိုမိုတင်းကြပ်မှုတွေ လုပ်ဆောင်လာပြီး အာရှနိုင်ငံတွေအတွင်း ပို့ကုန် တင်ပို့ပါက ပို့ကုန်တင်ပို့ပြီး နေ့မှစပြီး ရက် ၃၀ အတွင်း၊ အာရှ ပြင်ပနိုင်ငံတွေဆီ တင်ပို့ပါက ရက် ၆၀ အတွင်း ပို့ကုန်ရငွေ ပြန်သွင်းရမယ်လို့ ၂၀၂၃ ဒီဇင်ဘာ ၂၅ ရက်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။
စစ်အုပ်စု အရေးယူအမှုဖွင့်ခဲ့တဲ့ ကုန်သည် ၈ ဦးဟာ ဦးရဲမင်းလွင်၊ ဒေါ်ကွန်သီ၊ ဒေါ်ဖြူဖြူဇင်၊ ဒေါ်မြင့်မြင့်လှိုင်၊ ဦးဟင်နရီခင်မောင်၊ ဒေါ်ခင်စန်းသီ၊ ဦးဗိုဗိုသန့်နဲ့ ဦးဌေးကိုတို့ ဖြစ်ကြပြီး သူတို့ဟာ ၂၀၂၂ ကနေ ၂၀၂၄ အထိ ပို့ကုန် တင်ပို့မှုတွေကနေ ပို့ကုန်ရငွေတွေကို ပြန်မသွင်းခဲ့ဘူးလို့ ဆိုပါတယ်။
လက်ရှိ အမှုဖွင့်ခံထားရတဲ့ ကုန်သည် ၈ ဦးဟာ စစ်အုပ်စုက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ (FEML) အခန်း ၁၁၊ ပုဒ်မ ၃၈-ခ နဲ့ အမှုဖွင့် ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအထဲက ဒေါ်မြင့်မြင့်လှိုင်၊ ဒေါ်ခင်စန်းသီ၊ ဦးဟင်နရီခင်မောင်၊ ဦးဗိုဗိုသန့်တို့ ဖမ်းဆီးခံထားရပြီး ကျန် ၄ ဦးဟာ ထွက်ပြေး တိမ်းရှောင်နေတယ်လို့ သိရပါတယ်။
FEML အခန်း ၁၁၊ ပုဒ်မ ၃၈-ခ အရ “မည်သူမှ ပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ္ဍာငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်း မရှိစေရ” လို့ ဖော်ပြထားပြီး ကျူးလွန်ပါက တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ကျခံရမယ်လို့ ဖော်ပြထားပါတယ်။ သက်သေခံပစ္စည်းတွေကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၁ စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပပို့ကုန် တင်ပို့မှု လျော့ကျနေချိန် စိုက်ပျိုးရေး ထုတ်ကုန်နဲ့ ပဲမျိုးစုံ၊ နှမ်း၊ ပြောင်းတွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေဆီ အဓိက အားထားတင်ပို့နေရတာ ဖြစ်ပြီး ပို့ကုန်ရငွေကနေ တဆင့် နိုင်ငံခြားငွေရရှိမှုကို စစ်အုပ်စုက အားထားနေရတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်းကလည်း ပဲမျိုးစုံ ၁၉ မျိုးကို အိမ်နီးချင်း အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်အပါအဝင် ကုန်သွယ်ဖက်နိုင်ငံတွေဆီ တန်ချိန် ၁၇ သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာ ၁ ဒသမ ၄၈ ဘီလီယံအထိ တင်ပို့နိုင်ခဲ့ပါတယ်။
၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာလည်း တန်ချိန် ၁၉ သိန်းကျော် တင်ပို့နိုင်ခဲ့သလို ဒေါ်လာ ၁ ဒသမ ၄၇ ဘီလီယံအထိ ရရှိခဲ့ပါတယ်။
ဓာတ်ပုံ – Pro_SAC
