ဗဟိုကော်မတီဝင် ကိုမုန်တိုင်းနဲ့ ကိုနိုင်ကြီးတို့ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ MDY PDF ထုတ်ပြန်

Author CJ Platform
Categories
Published on Nov 21, 2025

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF) ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ ကိုမုန်တိုင်း နဲ့ ကိုနိုင်ကြီး တို့ကို လက်နက်ဖြုတ်သိမ်းကာ ဖမ်းဆီးထိန်းသိမ်း ထားပြီး တာဝန်အားလုံးကနေ ရပ်ဆိုင်းထား တယ်လို့ MDY PDF က ဒီနေ့ နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

 

ကိုမုန်တိုင်းဟာ MDY PDF စစ်ရေးဌာနကြီးမှူး တစ်ဦး ဖြစ်ပြီး ကိုနိုင်ကြီးကတော့ ဘဏ္ဍာရေးရှာဖွေရေးဌာနကြီးမှူး တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးကို NUG MOD လက်အောက်ခံ မိုးကုတ်ဗျူဟာအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့က အခု နိုဝင်ဘာ ၁၅ ရက်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

သူတို့နှစ်ဦးဟာ တပ်ပိုင်ဘဏ္ဍာပစ္စည်းအချို့ကို စည်းမျဉ်းစည်းကမ်းချိုးဖောက်ပြီး တရားမဝင်ထုတ်ယူခဲ့တာ လိုပြောဆိုနိုင်ပြီး လက်ရှိအချိန်ထိ ပြန်လည်အပ်နှံမှု မရှိ ကြောင်းကြောင့် ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ပြုလုပ်ခဲ့တဲ့ ဗဟိုကော်မတီအစည်းအဝေး မှာ အရေးယူပြစ်ဒဏ်ချမှတ်ဖို့ ဆုံးဖြတ်ထားပြီး စက်တင်ဘာလအတွင်း ကျင်းပခဲ့တဲ့ တပ်မှူးများ ၆ လပတ်စုံညီအစည်းအဝေး မှာလည်း ထပ်မံအတည်ပြုထားတယ်လို့ ဆိုပါတယ်။

 

NUG MOD စစ်ရုံးချုပ်ရဲ့ ခွင့်ပြုချက်နဲ့ ဖမ်းဆီးခံထားရသူ ၂ ဦးဟာ တအာင်းတပ်မတော် (TNLA) နဲ့ ဆက်လက်ပူးပေါင်းလိုသူတွေ ဖြစ်ပြီး MDY PDF တပ်ဖွဲ့ကို NUG MOD လက်အောက် ပြန်လည်ထည့်သွင်းချိန် ကိုမုန်တိုင်းက လက်မခံခဲ့တာကြောင့် ဖမ်းဆီးတတ်နိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တပ်ရင်းမှူးတစ်ဦးက ပြောပါတယ်။

 

“နှစ်ခြမ်းကွဲတဲ့ကိစ္စလည်း ပါပါတယ်။ မုန်တိုင်းတို့က TNLA နဲ့ပူးပေါင်းပြီး ရေရှည်စစ်ပွဲကို သွားချင်နေကြတာ။ ကျွန်တော်တို့တပ်ဖွဲ့တွေလည်း ရေရှည်စစ်ပွဲအတွက် ပြင်ဆင်နေကြတာ။ သူတို့က TNLA background ယူဖို့ လုပ်နေမှုမျိုး” လို့ ရှမ်းမြောက်ဒေသက တပ်ရင်းမှူးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

MDY PDF က ဒီဖမ်းဆီးအရေးယူမှုနဲ့ပတ်သက်ပြီး မလိုလားအပ်တဲ့ သတင်းအချက်အလက်အလွဲအမှားတွေ၊ တော်လှန်ရေးကို ထိခိုက်စေနိုင်မယ့် ကောလာဟလတွေ ပေါ်ပေါက်လာနိုင်တာ ကြောင့် တပ်တွင်းအရေးယူချက်အဖြစ် ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

တရုတ်ရဲ့ ကြားဝင်မှုနဲ့ TNLA – စစ်အုပ်စု နှစ်ဖက်ဆွေးနွေးသဘောတူညီချက်အရ မိုးကုတ်၊ မိုးမိတ်ဒေသကနေ TNLA ပြန်ဆုတ်ချိန် MDY PDF နဲ့ မဟာမိတ်တပ်တွေက စစ်အုပ်စုတပ်တွေကို ခုခံတိုက်ခိုက်မယ် လို့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အသီးသီး ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – MDY-PDF

 

 

Related News

Depend on news