နှစ်စဉ် ဒေါ်လာ သန်းရာနဲ့ချီရနေတဲ့ ရွှေကုက္ကို ကျားဖြန့်နှိမ်နင်းမှုဟာ စစ်တပ်နဲ့ BGF တို့ အထိနာစေခဲ့
ကရင်ပြည် မြဝတီမြို့ မြောက်ဘက် ရွှေကုက္ကိုဝင်းထဲမှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေကို နိုင်ငံတကာဖိအား ကြောင့် စစ်အုပ်စုက နှိမ်နင်းရချိန် ကရင်နယ်ခြားစောင့်တပ် (BGF) ကို အတင်းအဓမ္မ ပူးပေါင်းပါဝင်ခိုင်းတယ်လို့ ထိုင်းသတင်းဌာန The Nation ကလည်း ဖော်ပြလာပါတယ်။
ရွှေကုက္ကိုထဲက ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းချိန် စစ်ကော်မရှင်လက်အောက်ခံ တပ်မ ၂၂ နဲ့အတူ BGF တပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ဖို့ စစ်အုပ်စုက ဖိအားပေးလာချိန် BGF ခေါင်းဆောင် စောချစ်သူ က စိတ်မပါဘဲ သူ့ရဲ့ တပ်ဖွဲ့တွေကို အမိန့်ပေးစေခိုင်းခဲ့ရတယ်လို့ The Nation က နိုဝင်ဘာ ၁၈ ရက် သတင်းမှာ ရေးသား ဖော်ပြခဲ့တာပါ။
ရွှေကုက္ကို ထဲက ကျားဖြန့်ကို နှိမ်နင်းရေးဟာ မြန်မာစစ်အုပ်စု နဲ့ စောချစ်သူတို့ အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ကာ ရွှေကုက္ကို စီမံကိန်းကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းရာ နဲ့ချီ ရရှိနေပြီး အကျိုးတူ ခွဲဝေရယူနေချိန် နိုင်ငံတကာဖိအား ကြောင့် အခုလို ကျားဖြန့်နှိမ်နင်းမှုကို မဖြစ်မနေ လုပ်ဆောင်လာရတာဖြစ်တယ်လို့ ဆိုပါတယ်။
ရွှေကုက္ကိုထဲက ကျားဖြန့်ဂိုဏ်းတွေရဲ့ နှိမ်နင်းရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာဖိအားကြောင့် မဟုတ်ဘဲ BGF တပ်ဖွဲ့ရဲ့ အစီအစဉ်တွေနဲ့သာ နှိမ်နင်းခဲ့တာ ဖြစ်တယ်လို့ BGF ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော် က နိုဝင်ဘာ ၁၇ ရက် ထိုင်းသတင်းဌာနတွေနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါသေးတယ်။
အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျု (USIP) က ၂၀၂၄ ဧပြီလနဲ့ မေလ မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ ရွှေကုက္ကို စီမံကိန်းကနေ ကရင် အမျိုးသားတပ်မတော်/နယ်ခြားစောင့်တပ် (KNA/BGF) နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၉၂ သန်း ရရှိနေပြီး ဒီအထဲက ၅၀ ရာခိုင်နှုန်းကို မြန်မာစစ်တပ်ကို ခွဲဝေပေးရတယ် လို့ ဖော်ပြထားပါတယ်။
ရွှေကုက္ကို မြို့သစ်စီမံကိန်းကို ၂၀၁၇ ခုနှစ်မှာ စတင် အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ဟောင်ကောင်အခြေစိုက် ရထိုက်နိုင်ငံတကာဦးပိုင် လုပ်ငန်းစုက ၈၀ ရာခိုင်နှုန်း နဲ့ BGF ခေါင်းဆောင် စောချစ်သူပိုင် ချစ်လင်းမြိုင်ကုမ္ပဏီ က ၂၀ ရာခိုင်နှုန်း အကျိုးတူ ရင်းနှီးမြှုပ်နှံခဲ့တာ ဖြစ်ပြီး အကျိုးအမြတ်ကို ရထိုက်လုပ်ငန်းစုက ၇၀ ရာခိုင်နှုန်း နဲ့ ချစ်လင်းမြိုင်က ၃၀ ရာခိုင်နှုန်း ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဒေသခံပြည်သူတွေရဲ့ တိုင်ကြားမှုတွေအပါအဝင် အငြင်းပွားဖွယ်ရာ ကိစ္စရပ်တွေကြောင့် စီမံကိန်းကို ၂၀၁၉ ခုနှစ်မှာ ယာယီ ရပ်နားခဲ့ပေမဲ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စီမံကိန်းကို ပြန်လည် စတင်ဖို့နဲ့ အကျိုးတူး ပူးပေါင်းလုပ်ဆောင်ဖို့ စစ်အုပ်စုနဲ့ BGF တို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ Frontier သတင်းဌာနက ၂၀၂၁ မေလ မှာ ဖော်ပြခဲ့ပါသေးတယ်။
အခုနှစ်ဆန်းပိုင်း ဖေဖော်ဝါရီလအတွင်းက ရွှေကုက္ကိုနဲ့ ကျောက်ခတ်ထဲမှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေကို အပြီးတိုင် ရှင်းလင်းမယ် လို့ဆိုကာ BGF နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တို့က စီးနင်း ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံတွေကို လွှဲပြောင်းမှုတွေရှိခဲ့ပေမဲ့ အပြီးသတ် မရှင်းလင်းနိုင်ခဲ့ပါဘူး။
မြဝတီမြို့ နဲ့အနီးတဝိုက်မှာရှိတဲ့ ရွှေကုက္ကို၊ KK Park, Apollo Park, Yulong Bay Park နဲ့ Dongmei Park စတဲ့ ကျားဖြန့် စင်တာနဲ့ ကာစီနိုရုံတွေကနေ တရားဝင်စီးပွားရေးနဲ့ တရားမဝင် စီးပွားရေးတို့ကနေ BGF ခေါင်းဆောင် စောချစ်သူနဲ့ မိသားစုအပါအဝင် BGF ထိပ်ပိုင်း ခေါင်းဆောင်တွေ ရရှိနေတဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ဗီလျံ နဲ့ချီ ရှိနေတယ်လို့ Justice For Myanmar (JFM) ရဲ့ ၂၀၂၄ မေလ အတွင်း ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။
တရားမဝင် စီးပွားရေးလုပ်ငန်းတွေကနေ ရရှိတဲ့ ဝင်ငွေတွေကို အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဘဏ်အကောင့် မျိုးစုံနဲ့ ငွေကြေး ခဝါချမှုတွေ ရှိနေခဲ့ပြီး စစ်အုပ်စုနဲ့ BGF တို့ အကျိုးတူ ခွဲဝေရယူနေခဲ့တာတွေလည်း ရှိနေခဲ့တယ်လို့ USIP နဲ့ JFM တို့ရဲ့ အစီရင်ခံစာတွေအရ သိရပါတယ်။
အခုတစ်ကြိမ်မှာတော့ မြန်မာ၊ ကမ္ဘောဒီးယား နဲ့ လာအိုတို့မှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေကို အမေရိကန်အစိုးရက အထူးတပ်ဖွဲ့ဖွဲ့ကာ နှိမ်နင်းမှုတွေ လုပ်ဆောင်မယ်လို့ နိုဝင်ဘာ ၁၂ ရက် မှာ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း BGF က ထိုင်း သတင်းဌာနတွေနဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ကျားဖြန့်နှိမ်နင်းရေးကို ဟန်ပြ မဟုတ်ဘဲ အပြီးသတ် လုပ်ဆောင်မယ် လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။
ဒါဟာ စစ်ကော်မရှင်က သူတို့ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နယ်စပ်ဒေသက ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ လုပ်ဆောင်နေသလို KK Park ထဲက အဆောက်အအုံတွေကိုလည်း ဖြိုချ ဖျက်ဆီးမှုတွေ လုပ်ဆောင်နေခဲ့ပေမဲ့ အဆောက်အအုံ အချို့သာ လုံးဝ ပြိုကျပျက်စီးခဲ့ပြီး အများစုဟာ အနည်းငယ်သာ ထိခိုက်ပျက်စီးမှုသာ ရှိခဲ့တယ်လို့ AFP သတင်းဌာနကလည်း ထုတ်ဖော်ရေးသားထားပါသေးတယ်။
ဓာတ်ပုံ- The Reporter
