ဆိုင်ကယ်ချင်းတိုက်မိ ရန်ဖြစ်ရာကနေ အမျိုးသားတစ်ဦး ရွေးကော်ဥပဒေနဲ့ အမှုဖွင့် ဖမ်းဆီးခံရ
ပဲခူးတိုင်း အုတ်တွင်းမြို့ ဈေးရပ်ကွက် မီးပွိုင့်လမ်းဆုံမှာ ဆိုင်ကယ်ချင်းတိုက်မိပြီး အမျိုးသား နှစ်ဦး ရန်ဖြစ်ရာကနေ အမျိုးသားတစ်ဦးကို ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄(က) နဲ့ အမှုဖွင့် ဖမ်းဆီးခဲ့တယ်လို့ ဒီနေ့ နိုဝင်ဘာ ၁၉ ရက်နေ့ ထုတ် စစ်ကော်မရှင် ဝါဒဖြန့် သတင်းစာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက် ည ၁၀ နာရီ ၄၅ မိနစ် ဝန်းကျင်က အုတ်တွင်းမြို့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှာ ရုံးအကူ လုပ်ကိုင်နေတဲ့ ကိုဘိုဘိုထွန်းဟာ နေအိမ်ကို ပြန်လာချိန် ဈေးရပ်ကွက် မီးပွိုင့်လမ်းဆုံမှာ ဦးထွန်းမင်းလတ် မောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ တိုက်မိခဲ့တာ ဖြစ်ပြီး နှစ်ဦး အချင်းများ ရန်ဖြစ်ပွားခဲ့တယ် လို့ ဆိုပါတယ်။
နှစ်ဦး အချင်းများ ထိုးကြိတ်မှု အတွင်း အသက် ၂၄ နှစ်အရွယ် ရုံးအကူ ကိုဘိုဘိုထွန်းမှာ နာကျင်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် အသက် ၄၉ နှစ်အရွယ် ဦးထွန်းမင်းလတ်ဆိုသူကို ရွေးကောက်ပွဲ နှောင့်ယှက် ဟန့်တား ဖျက်ဆီးခြင်း ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄(က) နဲ့ အမှုဖွင့် ဖမ်းဆီးခဲ့တယ်လို့ စစ်ကော်မရှင်က ဖော်ပြထားပါတယ်။
စစ်ကော်မရှင် ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၉ မှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ဦးဦးကို ဟန့်တားနှောင့်ယှက်တာ၊ နာကျင်အောင်လုပ်တာ၊ အပြင်းအထန် နာကျင်လုပ်တာ စတဲ့ ပြစ်မှု ကျူးလွန်ပါက ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိ ချခံရမယ့် ပုဒ်မ ၂၄(က) နဲ့ အရေးယူမယ်လို့ ဖော်ပြထားပါတယ်။
အခု နိုဝင်ဘာ ၁၄ ရက် ကလည်း ပဲခူးတိုင်း ရွှေကျင်မြို့နယ် အနောက်ဘက်ရွာမှာ ကြံ့ခိုင်ရေးပါတီက ရပ်/ကျေးအမှုဆောင် ဒေါ်အမာစိန်ကို ဦးဝင်းဦးက ဓားနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေါ်အမာစိန် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် ပုဒ်မ ၂၄(က) နဲ့ အရေးယူ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်က သူတို့ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုသူ၊ ဟန့်တားနှောင့်ယှက်သူတွေကို အမြင့်ဆုံး ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ အမှုဖွင့် ဖမ်းဆီးမှုတွေရှိနေပြီး ဒီနေ့ နိုဝင်ဘာ ၁၉ ရက် အထိ ဖမ်းဆီးခံထားရသူ ၃၁ ဦး အထိ ရှိလာပြီလို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စစ်ကော်မရှင်ဟာ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ (EROs) ထိပ်ပိုင်းခေါင်းဆောင်တွေအပါအဝင် မကွေး၊ မွန်၊ ပဲခူးတိုင်းတို့က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေကိုပါ သူတို့ ရွေးကောက်ပွဲကို ဟန့်တားနှောင့်ယှက်တယ်ဆိုကာ အမှုဖွင့်ထားမှုတွေရှိနေပြီး သတင်းမီဒီယာ နှစ်ခုနဲ့ အရပ်သားပြည်သူ ၁၀၀ နီးပါး ကိုပါ အမှုဖွင့်ထားပါသေးတယ်။
ဓာတ်ပုံ – Pro-SAC
ပုံစာ – အုတ်တွင်းမြို့ ရပ်ကွက်တစ်ခုအတွင်း စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က သန်းခေါင်စာရင်းဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေနေမှုကို ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်
